အနက်ရှိုင်းဆုံးဖြစ်လာတဲ့ တောင်ဆူဒန်ရဲ့ ဆင်းရဲတွင်း

 

ထွန်းကျော်

လွန်ခဲ့တဲ့ ၁၀ နှစ်၊  ဆူဒန်ကခွဲထွက်ပြီး  လွတ်လပ်ရေးရရှိခဲ့ချိန်မှစကာ  တောင်ဆူဒန်နိုင်ငံဟာ အခုချိန်မှာတော့  စားနပ်ရိက္ခာမလုံလောက်မှု  အဆင့်သတ်မှတ်ချက်မှာ  အမြင့်ဆုံးရောက်ရှိလာတဲ့ အခြေအနေနဲ့  ရင်ဆိုင်နေရပါတယ်။


ဆိုးရွားတဲ့ စားနပ်ရိက္ခာမလုံလောက်မှုကို ခံစားနေရ 


စုစုပေါင်း  ပျမ်းမျှလူဦးရေ ၁၂ ဒသမ ၇၈ သန်းရှိတဲ့အထဲမှာ  ၆၀ ရာခိုင်နှုန်းကျော်ဟာ အလွန့်ကိုဆိုးရွားစွာနဲ့ စားနပ်ရိက္ခာမလုံလောက် မှုကို    ခံစားနေရပါတယ်လို့    လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးဆိုင်ရာ  ကုလသမဂ္ဂရုံးရဲ့    လုပ်ငန်းလည်ပတ်ရေးနဲ့ အကူ အညီပေးရေးညွှန်ကြားရေးမှူး ရီနာ ဂီလာနီက ပြောကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ လူပေါင်း ၂ ဒသမ ၄ သန်း စိုးရိမ် ဖွယ်စားနပ်ရိက္ခာမလုံလောက်မှု အရေးကြီးအဆင့်ကို ရင်ဆိုင်နေရ တယ်လို့ ကုလသမဂ္ဂက   ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ    လူပေါင်း  ၁၀၈၀၀၀ ဟာ စိုးရိမ်ဖွယ်စားနပ် ရိက္ခာမလုံလောက်မှုကို  ကပ်ဘေးအသွင်အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။


လိုအပ်ချက်တွင်းနက်ကြီးထဲ ကျစေ 


ပဋိပက္ခအကျပ်အတည်းတွေ၊  ရုတ်တရက် ရာသီဥတုပြောင်းလဲ ဖြစ်ပေါ်မှုတွေ၊ ရွှေ့ပြောင်းနေထိုင်ရမှုတွေ၊  ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ် လာတဲ့  လူမှုစီးပွားရေးရိုက်ခတ်မှုတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ အခြေခံဝန်ဆောင်မှုတွေအပေါ်မှာ     ရင်းနှီးမြှုပ်နှံမှုမရှိတာတွေစတဲ့ အကြောင်းတရားတွေ ပေါင်းစုပြီး အကြောင်းပြုလိုက်ခြင်းက  လူတွေ ကို လိုအပ်ချက်တွင်းနက်ကြီးထဲ ကျဆင်းစေခဲ့ပါတယ်။ 
လတ်တလောမှာ လူပေါင်း ၈ ဒသမ ၃ သန်း အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်လျက်ရှိပါတယ်။ အဲဒီထဲမှာ ကလေးငယ် ၁ ဒသမ ၄ သန်းပါဝင်ပါတယ်။


အကူအညီမရသူတွေရှိနေ 


၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ  ဇွန်လအထိ   အကူအညီပေးရေးအဖွဲ့ တွေဟာ    နိုင်ငံတစ်ဝန်းမှာရှိတဲ့   လူပေါင်း  ၄ ဒသမ ၄ သန်းကို အစားအစာတွေ၊  ဆေးဝါးတွေနဲ့  အာဟာရထောက်ပံ့မှုတွေ၊  ရေနဲ့ ရေဆိုးစနစ်ဆိုင်ရာ  ထောက်ပံ့မှုတွေ၊ နေရာထိုင်ခင်းထောက်ပံ့မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ 
ဒီလိုမျိုးအကူအညီအထောက်အပံ့တွေရရှိနေသော်လည်း   တချို့ အဖွဲ့တွေနဲ့ တချို့လူငယ်အုပ်စုတွေအနေနဲ့  ဒီအခွင့်အရေးကို  ရရှိဖို့ ကန့်သတ်ချက်တွေ ရှိနေသေးပါတယ်။ 


တိုက်ခိုက်မှုတွေက  အနှောင့်အယှက်ဖြစ် 


၂၀၂၁ ခုနှစ်အစပိုင်းကတည်းက အကူအညီပေးရေးလုပ်သားလေးဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် အကူအညီပေး ရေးလုပ်သား ၁၇၀ ကျော် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် နေရာရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။
အမေရိကန်ဒေါ်လာ   တစ်သန်းကျော်တန်ဖိုးရှိတဲ့   အစားအစာ မက်ထရစ်တန်ချိန်  ၁၀၀၀ ကျော်  လုယက်ခံလိုက်ရခြင်းအပါအဝင် လူသားချင်းစာနာနားလည်မှုဆိုင်ရာ   ဆောင်ရွက်ပေးနေမှုအပေါ် လုယက်ဖျက်ဆီးမှုတွေဟာ  ဆက်လက်ဖြစ်ပေါ်နေပါတယ်။  ဒါ့အပြင် မကြာသေးမီက ဖြစ်ခဲ့တဲ့  အရပ်သားတွေနဲ့  လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းကို  တိုက်ခိုက်မှုတွေ၊ လမ်းဘေးချုံခို  တိုက်ခိုက်မှုတွေဟာ     အကူအညီပေးရေးလုပ်ငန်း လည်ပတ်မှုတွေကို အနှောင့်အယှက်ပေးရာကျပါတယ်။


ဆင်းရဲတွင်းနက်စေ  


အဲဒီလို လုပ်လိုက်တဲ့အကျိုးဆက်ကြောင့် အခြေခံစားသောက်ကုန် တွေရဲ့ဈေးနှုန်းတွေ  မြင့်တက်လာတဲ့အတွက်  နဂိုကတည်းက ချည့်နဲ့ဆင်းရဲနေပါတယ်ဆိုမှ ပိုလို့တောင် ဆင်းရဲတွင်းနက်စေမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်လူငယ်တွေကြောင့်  အကူအညီပေးရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ အနှောင့်အယှက်တွေလည်း ရှိပါတယ်။
သုံးနှစ်ဆက်တိုက်ရေကြီးမှုကြောင့်  လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်ကို ပိုမိုဆိုးရွားစေပြီး  လူပေါင်း ၄၂၀၀၀၀ နီးပါးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။  လာမယ့်လတွေ အတွင်းမှာ  မိုးသည်းထန်စွာ  ရွာသွန်းမှုတွေ   ဆက်လက်ဖြစ်ပေါ်လာ နိုင်တဲ့အတွက်    လူပေါင်းထောင်ချီ   အိုးပစ်အိမ်ပစ်နေရပ်စွန့်ခွာ ထွက်ပြေးကြရဦးမှာဖြစ်တဲ့အတွက်  နေ့စဉ်လူနေမှုဘဝမှာ  အကူအညီ တွေ ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။


မိုးကြီးမှုကြောင့် စားနပ်ရိက္ခာရရှိမှု လျော့နည်းနိုင် 


ထွန်ယက်စိုက်ပျိုးနိုင်တဲ့ ရာသီကိုမျှော်လင့်ရင်း ဆိုးရွားတဲ့ရာသီက ရုန်းထလာတဲ့ တောင်ဆူဒန်ဟာ မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးမှုကြောင့် စားနပ်ရိက္ခာရရှိမှုမှာ  လျော့နည်းလာနိုင်ပါတယ်။ အဲဒါက နောက်နှစ်မှာ စားနပ်ရိက္ခာအလွန်အမင်း  မလုံလောက်မှုကို ဖြစ်စေ မှာဖြစ်ပါတယ်။ 
တောင်ဆူဒန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေး အစီအစဉ်အတွက်   အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဟာ တောင်ဆူဒန်အတွက်   သမိုင်းမှာ   အများဆုံးရန်ပုံငွေပဲဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ၅၆ ရာခိုင်နှုန်းပဲ  ထောက်ပံ့ထားတာဖြစ်ပါ တယ်။


ပြန်လည်ထောက်ပံ့ပေးနိုင်


ရန်ပုံငွေရရှိရေးစိန်ခေါ်မှုဟာ     ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ)ကို ဒုက္ခသည်တွေ၊  အရပ်ဘက်ကာကွယ်ရေးစခန်း တွေနဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဒီနှစ်ဧပြီလမှစကာ စားနပ်ရိက္ခာပမာဏလျှော့ချမှုကို  ဖြစ်စေပါတယ်။ ဒါဟာ လူပေါင်း ခုနစ်သိန်းအပေါ်   သက်ရောက်စေပါတယ်။   အောက်တိုဘာလမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းစေဖို့ဖြစ်လာပါတယ်။ အကြောင်းကတော့ ပြန်လည်ခွဲတမ်းချ    ထောက်ပံ့မှုတွေကို  ငတ်မွတ်ခေါင်းပါးမှုကြုံတွေ့ နေတဲ့ လူတွေနေတဲ့  စီရင်စုတွေအတွက် ထောက်ပံ့ပေးနေရလို့ပဲဖြစ်ပါ တယ်။  အရင်းအမြစ်တွေ   ရလာမယ်ဆိုရင်တော့    ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က  လူဦးရေ ၁၀၆၀၀၀ လောက်ရှိတဲ့      ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူတွေကို  ပြန်လည်ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။


ကိုဗစ်-၁၉ ကြောင့် ပိုဆိုးနိုင် 


တောင်ဆူဒန်ဟာ   ကူးစက်မြန်ပြင်းထန် ဒယ်လ်တာ ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်ကြောင့်  ကိုဗစ်-၁၉ ပြန်လည်ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတဲ့အပေါ်လည်း   သတိထားနေရပါတယ်။   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို လျော့နည်းစေဖို့ ကိုဗစ်-၁၉ ဆန့်ကျင်တားဆီးရေးဆောင်ရွက်ချက်တွေ  အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လည်း    ကန့်သတ်ချက်တွေ  ရှိနေပါတယ်။  ဘာကြောင့်လဲဆိုတော့  ကာကွယ်ဆေးတွေ အုံနဲ့ကျင်းနဲ့ထိုးနှံဖို့ ကျန်းမာရေးစနစ်မှာ စိန်ခေါ်မှု တွေရှိနေသလို လုပ်ကိုင်နိုင်စွမ်းတွေ မရှိလို့ပဲ ဖြစ်ပါတယ်။


အားလုံးပူးပေါင်းဆောင်ရွက်ဖို့လို 


လာမယ့်နှစ်မှာ  တောင်ဆူဒန်မှာ ငတ်မွတ်ခေါင်းပါးမှုကို ကာကွယ် ဖို့ဆိုရင်  အကြမ်းဖက်မှုတွေ   လျော့နည်းသွားအောင်  လုပ်ဆောင်ဖို့ အားလုံးအနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ   တောင်ဆူဒန်ရဲ့  အစိတ်အပိုင်း အတော်များများအပေါ် အမှန်တကယ်  အကျိုးသက်ရောက်စေသော် လည်း  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့နေရာမှာ တော့ နှေးကွေးလေးလံမှုတွေ  ရှိနေပါတယ်။   ထို့အတူ အကြမ်းဖက် လုပ်ရပ်တွေကလည်း ဒီဖြစ်စဉ်ကို နှောင့်ယှက်စေပါတယ်။ 
ဘေးကင်းလုံခြုံဖို့နဲ့  အကူအညီတကယ်လိုအပ်နေတဲ့သူတွေဆီ ဟန့်တားနှောင့်ယှက်ခြင်းမရှိဘဲ  အကူအညီတွေရရှိဖို့ တောင်ဆူဒန် အတွက် လူသားချင်းစာနာနားလည်မှုဆိုင်ရာ အထောက်အပံ့တွေကို ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်နေပါတယ်။ စောစီးစွာ လှူဒါန်းနိုင်မယ် ဆိုရင် လိုအပ်ချက်တွေ စောင့်ဆိုင်းနေစရာ မလိုဘဲ   အဆင်ပြေချောမွေ့ သွားမှာ ဖြစ်ပါတယ်။      ။


ကိုးကား-ဆင်ဟွာ