
ကေကေစိုး
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တံတားတစ် စင်းအောက်တွင် ဟေတီနိုင်ငံသားအများစု ပါဝင် သည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀၀ ကျော်မှာ လတ်တလောတွင် ရောက်ရှိနေ ကြသည်။
ဖိအားပေးလျက်ရှိ
အဆိုပါ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကြောင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ လူဝင်မှု ကြီးကြပ်ရေး မူဝါဒအပေါ် ဖိအားများလျက်ရှိသည်ဟု အရာရှိများက ပြောသည်။ အမေရိကန် အကောက် ခွန်နှင့် နယ်စပ်ကင်းလှည့်အဖွဲ့က ထိန်းချုပ်ထား သည့် မက္ကဆီကိုနယ်စပ်ရှိ ဒယ်လ်ရီယိုအပြည်ပြည် ဆိုင်ရာ တံတားအောက်တွင် ရွှေ့ပြောင်းနေထိုင်သူ များနှင့် ပြည့်နှက်နေသည်ဟု အမေရိကန်- မက္ကဆီကိုနယ်စပ်ရှိ ဒယ်လ်ရီယို မြို့တော်ဝန် ဘရူနို လိုဇန်နိုက ပြောသည်။ အဆိုပါတံတားမှာ မက္ကဆီကိုနယ်စပ်တွင် တည်ရှိပြီး တံတားအောက် တွင် လူပေါင်း ၁၀၅၀၃ ဦးရှိသည်။ စက်တင်ဘာ ၁၆ ရက်နေ့ကမူ ယင်းတံတားအောက်တွင် လူပေါင်း ၈၀၀၀ ဝန်းကျင်ရှိခဲ့သည်။ လဟာပြင်တွင် ထိုင်နေ ကြသည့်မိသားစုများနှင့် လဲလျောင်းအိပ်စက်နေကြ သည့် မိသားစုများကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရှိရ သည်။ ၎င်းတို့ သည် အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကင်းလှည့်အဖွဲ့(CBP)၏ လုပ်ငန်းစဉ်များ ကို စောင့်ဆိုင်းနေကြသည်။
စောင့်ဆိုင်းနေကြ
စုပြုံနေကြသည့် ရွှေ့ပြောင်းနေထိုင်သူ အများစု မှာ ဟေတီနိုင်ငံသားများဖြစ်ကြပြီး အမေရိကန်နိုင်ငံ တွင် နေထိုင်ခွင့်ရရန် မျှော်လင့်ထားကြသည်။
ဟေတီနိုင်ငံတွင် ငလျင်အကြီးအကျယ်လှုပ်ခတ် မှုနှင့် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ဟေတီနိုင်ငံသားများမှာ အမေရိကန်နိုင်ငံအတွင်းနေထိုင်ခွင့်ရရှိရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်ဟု လိုဇန်နိုက ပြောသည်။
နောက်ထပ်ဝန်ထမ်းများစေလွှတ်ထား
အဆိုပါနေရာတွင် မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်လာသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် ပြည့်နှက်နေပြီး အာဖဂန်မှ ထွက်ပြေးလာသည့်ဒုက္ခသည်များလည်းရှိသည်။ နယ်စပ်ကင်းလှည့် အဖွဲ့မှာ ယခုအခါ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပြည့်နှက်နေသည့်အတွက် အခက်ကြုံနေရသည်။ တံတားအောက်အပြင် အခြားသောနေရာတွင်လည်း (CBP) မှ ထိန်းသိမ်းထားသည့်လူပေါင်း ၂၀၀၀ မှ ၃၀၀၀ ကြားတွင် ရှိသည်။ (CBP) မှ ထုတ်ပြန်ချက် တွင် နောက်ထပ်ဝန်ထမ်းများနှင့် အရင်းအမြစ်များ ကို စေလွှတ်ထားကြောင်း ဖော်ပြထားသည်။
ယာယီနေထိုင်လို့ရအောင်ပြုလုပ်ပေးထား
အပူဒဏ်နှင့် ဆက်စပ်သည့်ထိခိုက်ဒဏ်ရာများမှ ကာကွယ်ရန်အတွက် တံတားအောက်တွင် အရိပ် ရသည့် နေရာများပြုလုပ်ထားပြီး ရွှေ့ပြောင်းနေထိုင် သူများသည် နယ်စပ်ကင်းလှည့် ထိန်းချုပ်ရေးစခန်း တွင် စောင့်ဆိုင်းစဉ်အတွင်း ယာယီနေထိုင်နိုင်အောင် ပြုလုပ်ပေးထားသည်။ တစ်ဦးချင်းလာရောက်သည့် ရွှေ့ပြောင်းနေထိုင်သူများနှင့် မိသားစုအများစုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစိုးရ၏ မူဝါဒအောက်တွင် နှင်ထုတ်ခံရမည်ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်ထံမှ ချက်ချင်းအရေးယူ ဆောင်ရွက်မှုပြုလုပ်ရန် ရီပက် ဘလစ်ကန်နှင့် ဒီမိုကရက်များက တောင်းဆိုထား ကြသည်။
ဝေဖန်ကြ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့သည် ဇူလိုင်လမှ ဩဂုတ်လအတွင်း နယ်စပ်မှရွှေ့ပြောင်း နေထိုင်သူ ၂၀၀၀၀၀ ကျော်ကို နှင်ထုတ်ခဲ့ပြီးဖြစ် သည်။ အဆိုပါပမာဏမှာ ဆယ်စုနှစ်တစ်ခုစာအတွင်း အများဆုံးပမာဏပင် ဖြစ်သည်။ ဟေတီသမ္မတ ဂျိုဗီနယ်မိုအီစ် လုပ်ကြံခံရပြီးနောက် ဟေတီ နိုင်ငံသားများ အမေရိကန်ဗီဇာမလိုဘဲ နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ပြုပေးရန် ဇူလိုင်လနှောင်းပိုင်း တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆုံးဖြတ်ခဲ့ သည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် အခြားသောသူ များ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် မက်လုံးပေးဆွဲဆောင်သည့် သဘောဖြစ်လာသည် ဟုလည်း အချို့က ဝေဖန်ကြသည်။
ဖြေရှင်းရန်တိုက်တွန်း
တံတားအောက်တွင် ရောက်ရှိနေသူ နိုင်ငံခြား သား ရွှေ့ပြောင်းနေထိုင်သူ ၁၀၅၀၃ ဦးရှိပြီး သမ္မတဂျိုးဘိုင်ဒင်က ၎င်းတို့ကို ဟေတီနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းရန် နိုင်ငံရေးဆုံးဖြတ်ချက်ပြုလုပ်ခဲ့သည်။ ထိုစဉ် ဒီမိုကရက်တစ်ကိုယ်စားလှယ် အီဟန်အိုမာ မှာ ၎င်းကိုယ်တိုင်ပင် ရွှေ့ပြောင်းနေထိုင်သူဖြစ်ပြီး ယင်းသို့လုပ်ဆောင်ရန် သမ္မတဘိုင်ဒင်ကို ဖိအားပေး ခဲ့သည်။ သမ္မတဘိုင်ဒင်အစိုးရအဖွဲ့ထံမှ ချက်ချင်း တုံ့ပြန်မှုရရှိရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ သောင်တင်နေသည့် ရွှေ့ပြောင်းနေထိုင်သူများကို ကူညီရန်နှင့် နောက်ထပ်အခြေအနေများ ထိန်းချုပ် မရနိုင်သည့် အခြေအနေသို့ ရောက်မလာခင် ဖြေရှင်း ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အရေအတွက်များပြားလာ
အမေရိကန် အနောက်တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ရန်ကြိုးပမ်းသည့် ဟေတီနိုင်ငံသားများ မှာ ပြီးခဲ့သည့်လများအတွင်း အရေအတွက်များပြား လာခဲ့သည်။ အများစုမှာ တောင်အမေရိကမှ လာကြ သူများဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းငလျင်လှုပ်ခတ်မှုအပြီးတွင် ရွှေ့ပြောင်းလာကြသူ များဖြစ်သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် မက္ကဆီကိုတောင်ပိုင်းရှိ ချီယာပတ်စ်တွင် ရောက်ရှိ နေသည့် အသက် ၄၀ အရွယ် ဟေတီနိုင်ငံသားတစ်ဦး က ၎င်းမှာ ချီလီနိုင်ငံတွင် ငါးနှစ်ကြာနေထိုင်ခဲ့ပြီး နောက် ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တွင် နေထိုင်နေသည့် အစ်မတစ်ဦးနှင့် အတူနေထိုင်နိုင်ရန် မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းဖြစ် ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။
နည်းလမ်းရှာဖွေ
ယခင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် နှင့် နှိုင်းယှဉ်လျှင် ပို၍လူသားချင်းစာနာထောက် ထားမှုရှိစေရမည်ဟု ဂျိုးဘိုင်ဒင်က ကတိပြုခဲ့သည်။ သို့သော်လည်း ၎င်းသည်သမ္မတအဖြစ် စတင်တာဝန် ယူသည့်အချိန်မှစတင်ကာ ရွှေ့ပြောင်းနေထိုင်မှုကို အမြစ်ဖြတ်နိုင်ရေးနည်းလမ်းများ ရှာဖွေခဲ့သည်။ ဩဂုတ်လအတွင်း နယ်စပ်ဖြတ်ကျော်လာသူ ရွှေ့ပြောင်းနေထိုင်သူ ၂၀၉၀၀၀ ကို အာဏာပိုင်များ ကတားမြစ်ခဲ့ပြီး ၎င်းတို့ထဲမှအများစုကို နေရပ် ပြန်ပို့ပေးခဲ့သည်။
ကြိုးပမ်းလာကြ
ဟေတီနိုင်ငံတွင် ဩဂုတ်လအတွင်း ငလျင်လှုပ် ခတ်မှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကူအညီများလိုအပ်ခဲ့သည်။ ငလျင်လှုပ်ခတ် ပြီးနောက် နှစ်ပတ်အကြာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်သည့် နေရာများသို့ ပေးပို့ခဲ့ကြသည်။ ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျုရှိသည့် ငလျင်ကြောင့် အမေရိကန် ဒေါ်လာ တစ်ဘီလီယံနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အစိုးရက ခန့်မှန်းထားသည်။ ငလျင်ကြောင့် သေဆုံး သူပေါင်း ၂၂၀၀ ရှိပြီး ဒဏ်ရာရရှိသူ ၁၂၀၀၀ ရှိသည် ဟု ခန့်မှန်းထားသည်။ ပျောက်ဆုံးနေသူများလည်း ရှိသည်။ ငလျင်ဒဏ်အပါအဝင်အခြားသော အကျပ် အတည်းများကြောင့် ဟေတီနိုင်ငံသားအချို့မှာ အမေရိကန်နိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်ခွင့်ရရန် ကြိုးပမ်းလာကြသည်။ ။
ကိုးကား - အေအက်ဖ်ပီ