
ထွန်းကျော်
အာဖဂန်နစ္စတန်နိုင်ငံကလူတွေ ထောင်ပေါင်းများစွာထွက်ပြေးခဲ့ပေမယ့်လည်း လူအများစုကတော့ အဲဒီမှာပဲ ဆက်လက်နေထိုင်ပြီး လူသားချင်းဆိုင်ရာ ဒုက္ခ သုက္ခ မြောက်မြားစွာနဲ့ ရင်ဆိုင်နေရဆဲပါ။ အာဖဂန်နစ္စတန်နိုင်ငံဟာ ရွှေ့ပြောင်းအခြေချနေထိုင်မှုတွေ၊ ကိုဗစ်- ၁၉ ကပ်ရောဂါအခြေအနေဆိုးတွေ၊ နှစ်ပေါင်းအတော်ကြာမှ ဖြစ်ပေါ်လာတဲ့ အဆိုးဆုံး မိုးခေါင်ရေရှားမှုတွေ စတဲ့ ဒုက္ခတွေနဲ့ပတ်လည်ဝိုင်းနေပါတော့တယ်။
မစွန့်ပယ်ဘူး
ဒီလို အခြေအနေတွေကြောင့် ကျွန်တော်တို့ ဒီနိုင်ငံမှာ ဆက်လက် ရှိနေတာပါလို့ အကူအညီပေးရေး ဝန်ထမ်းတွေက ပြောပါတယ်။ ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ဟာ အာဖဂန်နစ္စတန် နိုင်ငံမှာ နှစ်ပေါင်း ၆၅ နှစ်ကျော် ကလေးတွေကို စောင့်ရှောက်မှုပေးလျက် ရှိပါတယ်။ ဒီမှာရှိတဲ့ ကလေးတွေရဲ့ အခြေအနေဟာ ပိုပြီးဆိုးလာပါတယ်လို့ ဆက်သွယ်ရေးအကြီးအကဲ ဆမ်မော့တ် က ပြောပါတယ်။
ယူနီဆက်ဖ်ဟာ လုံခြုံရေး အခြေ အနေကြောင့် မကြာသေးမီက သူ့ရဲ့ ဆောင်ရွက်ချက်တွေကို ပြန်လည် ချင့်ချိန်သုံးသပ်နေရပါတယ်။ ယူနီဆက်ဖ် က အာဖဂန်နစ္စတန်မှာရှိတဲ့ ကလေးတွေ နဲ့ ပြည်သူတွေကို မစွန့်ပယ်ဘူးလို့ မော့တ်က ပြောပါတယ်။
အကူအညီတွေ အရေးတကြီးလိုအပ်
အာဖဂန်နစ္စတန်နိုင်ငံဟာ အကျပ် အတည်းထဲကို ရောက်နေပါတယ်။ ဒီလိုအကျပ်အတည်းအခြေအနေတွေကို ခပ်ပေါ့ပေါ့နေပြီး တာဝန်ယူမှုကင်းမဲ့တဲ့ လူတွေဟာ လျော်ကြေးကြီးကြီး ပေးရမှာ ပါ။ အရေးပေါ် ဆောင်ရွက်ချက်တွေ မလုပ်ဘူးဆိုရင် အသက်ငါးနှစ်အောက် ကလေးငယ် တစ်သန်းခန့်ဟာ ဒီနှစ်ကုန် မှာ ပြင်းထန်ဆိုးရွားတဲ့ အာဟာရချို့တဲ့မှု အာဟာရမပြည့်ဝမှုကို ခံစားရမှာ ဖြစ်ပါ တယ်။
ဒုက္ခသည် ခိုလှုံရေးစခန်းတွေမှာ ကလေးတွေရှိတယ်။ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးတွေလည်း ရှိ တယ်။ အစားအသောက် မစားရတဲ့ ကလေးတွေလည်းရှိတယ်။ ဆေးဝါး ကုသမှုမခံယူရတဲ့ ကလေးတွေလည်း ပါဝင်တယ်။ သူတို့တွေဟာ အကူ အညီတွေကို အရေးတကြီး လိုအပ်နေပါ တယ်။
အချိန်ကြာမြင့်စွာ မေ့ပျောက်ဖို့မလွယ်
ကလေးတွေအတွက် တကယ့်ကို ရက်စက်တဲ့ နှစ်တစ်နှစ်ပါပဲ။ ဒီနှစ် စကတည်းက ကလေးငယ် ၅၅၀ လောက်ဟာ တိုက်ပွဲအတွင်းမှာ သေဆုံး ခဲ့ပါတယ်။ ဒါဟာ ၂၀၀၅ ခုနှစ်ကတည်းက အမြင့်ဆုံးပမာဏပဲ ဖြစ်ပါတယ်။
ကလေးတွေအပေါ် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ သက်ရောက်လာမယ့်အပေါ် စိုးရိမ်ပူပန် ရပါတယ်။ ကလေးအများစုဟာ ရက်စက် ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားခဲ့ကြရသလို သူတို့ မိဘ တွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ သတ်ဖြတ်ခံရတာတွေကိုလည်း တွေ့မြင် ခံစားခဲ့ကြရပါတယ်။ ဒီလိုမျိုး ဖြစ်ရပ် တွေဟာ သူတို့အတွက်တော့ အချိန် ကြာမြင့်စွာ မေ့ပျောက်ဖို့ လွယ်မယ်မထင် ပါဘူး။
လိုအပ်ချက်ရှိသူတွေကိုကူညီ
နည်းလမ်းသစ်တွေကို အသုံးပြုပြီး တာလီဘန်တွေနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရမယ်။ သူတို့နဲ့လက်တွဲ လုပ်ဆောင်ရမယ်။ စကားပြောရမယ်။ ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်မှု အတွက် လိုအပ်သူတိုင်းကို ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွား မယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ချန်လှပ် ထားပြီး နောက်ပြန်လှည့်သွားရမယ့် အချိန်မဟုတ်ပါဘူး။
အခုချိန်မှာတော့ လိုအပ်ချက်တွေ ဟာ ခါတိုင်းထက် ပိုလို့တောင် များ လာပြီဖြစ်ပါတယ်။ ယူနီဆက်ဖ်ဟာ ယူနီ ဆက်ဖ်ရဲ့ မိတ်ဖက်တွေအားလုံးသာမက အစိုးရတွေအားလုံးရဲ့ ထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ အကူအညီတွေ၊ လှူဒါန်း မှုတွေ လိုအပ်ပါတယ်။ ဒီလိုမှသာ ကျွန်တော်တို့ကလည်း လိုအပ်ချက် ရှိနေသူတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါ တယ်။
ယူနီဆက်ဖ်ဟာ အမြဲရှိနေမှာပါ
ကျွန်တော်တို့တွေ ဘယ်မှမသွားပါ ဘူး။ ယူနီဆက်ဖ်ဟာ အရင်ကတည်း ကလည်း ဒီမှာရှိတယ်။ အခုလည်း ရှိတယ်။ နောင်လည်းရှိနေမှာပါ။ အခုလို အရေးကြီးတဲ့ အချိန်အခါမှာ မွေးခါစ ကလေးငယ်တွေ၊ လေးဖက်ထောက် အရွယ်ကလေးငယ်တွေ၊ မတ်တတ် ရပ်ပြီး လမ်းစလျှောက်တဲ့ ကလေးငယ် တွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ အခုလေးတင် ကလေးမွေးထားတဲ့ မိခင်တွေထက် ဘာမှပိုပြီး တန်ဖိုးရှိတာ မရှိပါဘူး။ ဒီအကြောင်းပြချက်တွေ ကြောင့် ယူနီဆက်ဖ်ဟာ ဒီမှာ အမြဲ ဆက်ရှိနေမှာပါ။
အနာဂတ်နဲ့ပတ်သက်ပြီးစိုးရိမ်နေရ
ဒေါက်တာ အက်စ်ဂါနဲ့ အက်ခ်ဘာ အာမက်ဒရာတို့ဟာ ၁၉၈၀ ပြည့်လွန် နှစ်နှောင်းပိုင်း ပြည်တွင်းစစ်မှာ မွေးရပ် ဇာတိဖြစ်တဲ့ အာဖဂန်နစ္စတန်က ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီအချိန် ကတည်းက သူတို့ညီအစ်ကိုနှစ်ယောက် ဟာ ဂျပန်နိုင်ငံမှာ အခြေချခဲ့ပြီး လူမှုကူညီရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အီဘရာကီ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နဲ့ လူမှုဖူလုံရေးအဖွဲ့ (အိုင်အိုင် အက်ဖ်အက်ဖ်) မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာ အိုင်အိုင် အက်ဖ်အက်ဖ်အဖွဲ့ဝင်တွေနဲ့ အတူ အာဖဂန်နစ္စတန်နယ်စပ် မြို့ဖြစ်တဲ့ ပက်ရှာဝါမှာ အာဖဂန်ဒုက္ခသည်တွေကို လာရောက်ကူညီလေ့ရှိပါတယ်။ ၂၀၀၁ ခုနှစ် တာလီဘန်အစိုးရ ပြုတ်ကျပြီး နောက်မှာ သူတို့ဟာ ကဘူးလ်ကို ပြန်ခဲ့ ကြပါတယ်။
အက်စ်ဂါဟာ ကဘူးလ်မှာပဲ အိုင်အိုင် အက်ဖ်အက်ဖ်က ကူညီဖွင့်လှစ်ပေးခဲ့တဲ့ ဆေးခန်းမှာအလုပ်လုပ်လျက် ရှိပါတယ်။ တာလီဘန်စစ်သားတွေဟာ ကျွန်တော့် ဆေးခန်းလမ်းတစ်လျှောက်မှာ မတ်တတ် ရပ်နေကြပါတယ်။ ကျွန်တော်သူတို့ကို နေ့တိုင်းနှုတ်ဆက်တယ်။ အခုချိန်ထိ သူတို့နဲ့ ဘာပြဿနာမှ မဖြစ်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ လူတွေ အများကြီး ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ကူးစက်ခံနေရတာကို ကျွန်တော်တွေ့ခဲ့တယ်။
ပြည်သူ့အကျိုးကို စွမ်းနိုင်သမျှထမ်းသွားမယ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျပန်ကို နှစ်တိုင်း တစ်လလောက် သွားရောက် လည်ပတ်ခဲ့တယ်။ အခုလည်း အဲဒီလို ပါပဲ။ ဘယ်သူပဲတိုင်းပြည်ကို အုပ်ချုပ် အုပ်ချုပ် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ပုံမှန် အစီအစဉ်အတိုင်းပါပဲ။ ကျွန်တော် ဘယ်တော့မှ အာဖဂန်နစ္စတန်နိုင်ငံကို ခွဲခွာသွားမှာ မဟုတ်ပါဘူး။ ပြည်သူ့ အကျိုးကို ကျွန်တော်စွမ်းနိုင်သမျှ ထမ်းဆောင်ဖို့ ကျွန်တော်အလုပ်ကို ပိုကြိုးစားသွားမယ်။ အခုလို အကျပ် အတည်း ဆိုက်နေတဲ့အချိန်မှာ ဂျပန် အစိုးရကို ပြောချင်တာကတော့ အာဖဂန် နစ္စတန်မှာရှိတဲ့ ဆင်းရဲတဲ့သူတွေကို ကူညီပေးဖို့ပဲဖြစ်ပါတယ်။ ဂျပန်အစိုးရက ကျွန်တော်တို့ကို အရင်တုန်းက ကူညီခဲ့ ပါတယ်။ အခုထပ်ပြီး ကူညီရမယ့် အချိန်ပါပဲ။
အက်ခ်ဘာဟာ သူအလုပ်လုပ်ရာ ဂျပန်နိုင်ငံ အိုင်အိုင်အက်ဖ်အက်ဖ်နဲ့ သူ့အစ်ကိုရဲ့အလုပ်ကို ကူညီဖို့အတွက် အာဖဂန်နစ္စတန်ကို ပုံမှန် ခေါက်တုံ့ ခေါက်ပြန် သွားလာလျက်ရှိပါတယ်။
အာဖဂန်နစ္စတန်မှာ ကမ္ဘာ့အဆိုးဆုံး စီးပွားရေး အဆင့်အတန်းရှိနေပြီး လူတိုင်းကလည်း ဆင်းရဲမှုတွေကို ခံစား နေရပါတယ်။ အဆိုးဆုံးကတော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကိုယ့်ဘာသာ ကိုယ်ရင်ဆိုင် ဖြေရှင်းနေရတာပဲ ဖြစ်ပါ တယ်။ ဒီအခြေအနေတွေဟာ အထူး သဖြင့်တော့ ဝင်ငွေနည်း မိသားစုတွေ အတွက် တကယ့်ကို ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ။ ဘူးလေးရာ ဖရုံဆင့် ဖြစ်ပါတယ်။ အာဖဂန်ပြည်သူ တွေဟာ ကိုယ်ရောစိတ်ပါ လုံခြုံမှုမရ သေးပါဘူး။
ကိုးကား- အင်န်အိတ်ချ်ကေ