ဂျပန်နိုင်ငံ၌ အသက် ၆၅ နှစ်အထက်အရွယ် ပြည်သူအရေအတွက် စံချိန်တင်မြင့်တက်

တိုကျို  စက်တင်ဘာ  ၁၉ 


ဂျပန်နိုင်ငံ၌ အသက်  ၆၅ နှစ်အထက်အရွယ် ပြည်သူ အရေအတွက်  ယခုနှစ်အတွင်း  စံချိန်တင်မြင့်တက် လာကြောင်း  ဂျပန်အစိုးရ၏စစ်တမ်းတစ်ရပ်အရ သိရသည်။ 


အဆိုပါစစ်တမ်းကို နိုင်ငံ၏ သက်ကြီးရွယ်အို များနေ့ အားလပ်ရက်မတိုင်မီ စစ်တမ်းကောက်ယူ ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၅ ရက်အထိ  သက်ကြီး လူဦးရေ ၃၆ ဒသမ ၄ သန်းရှိပြီး အဆိုပါအရေအတွက် သည် လွန်ခဲ့သောနှစ်ကထက် ၂၂၀၀၀၀ ပိုမိုများပြား လျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ပြောသည်။ 


သက်ကြီးရွယ်အိုများနှင့်  နိုင်ငံလူဦးရေအချိုး သည် ၂၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး  ယမန်နှစ်ကထက် သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း အဆိုပါဝန်ကြီးဌာနက  ဆက်လက်ပြောသည်။  ဂျပန် နိုင်ငံ၏ လက်ရှိလူဦးရေသည်   ယမန်နှစ်ကထက် ၅၁၀၀၀၀ လျော့ကျသွားသည်။ 


ကုလသမဂ္ဂအဖွဲ့၏ စစ်တမ်းအရ ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုနှင့်    နိုင်ငံလူဦးရေအချိုးသည် ကမ္ဘာပေါ်ရှိနိုင်ငံများအနက် အများဆုံးဖြစ်သည်။ ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုနှင့် လူဦးရေအချိုး ဒုတိယအများဆုံးဖြစ်သည့် အီတလီနိုင်ငံထက်ပင် ငါးရာခိုင်နှုန်းပိုမိုများပြားကြောင်း သိရသည်။


ဂျပန်နိုင်ငံရှိ   သက်ကြီးရွယ်အိုများအနက်         ၁၅ ဒသမ ၈၃ သန်းသည် အမျိုးသားများဖြစ်ပြီး ၂၀ ဒသမ ၅၇ သန်းသည် အမျိုးသမီးများဖြစ်သည်။ 
ထို့ပြင်  ဂျပန်နိုင်ငံ၏  သက်ကြီးအလုပ်သမား အရေအတွက်သည် ၉ ဒသမ ဝ၆ သန်းအထိ ယမန်နှစ် က ရောက်ရှိခဲ့ပြီး ၁၇ နှစ်ဆက်တိုက်မြင့်တက်လာ ကြောင်း  ပြည်ထဲရေးဝန်ကြီးဌာနက  ဆိုသည်။ အဆိုပါ သက်ကြီးအလုပ်သမားအရေအတွက်သည် နိုင်ငံ၏ စုစုပေါင်းလုပ်သားအင်အား၏ ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်