ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀၀၀ နှင့် မက်သ်အဖက်တမင်း ၃ ကီလို သိမ်းဆည်းရမိ

 

နေပြည်တော်   စက်တင်ဘာ   ၂၃


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ငွေကျပ် သိန်း   ၂၀၀၀    ကျော်တန်ဖိုးရှိ    မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၈ ရပ်ကွက် ဆရာစံလမ်းရှိ တည်းခိုခန်းတစ်ခုရှေ့တွင် မူးယစ် ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း  သတင်းအရ ရှာဖွေခဲ့ရာ နိုင်လင်းဦး(၂၈နှစ်)၊ ဇော်ဇော် (ခ) ဇော်ကြီး(၃၈နှစ်) နှင့် ရန်အောင်မင်း(ခ) ဗန်ဒိန်း (၂၇ နှစ်)၊ စိုင်းအောင်ထူး (၃၁နှစ်)၊ သိန်းမြင့်(ခ)ဦးကျော်(၅၄နှစ်)တို့    ငါးဦးကို   စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၀၀ ၊  Toyota  Caldina   ယာဉ်တစ်စီး၊   Alphard  ယာဉ်တစ်စီး၊ စက်ဘီးတစ်စီးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်  ၃၄  ရပ်ကွက်  ကျွန်းရွှေဝါ လမ်းရှိ စိုင်းအောင်ထူး၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀၀   နှင့်   မက်သ်အဖက်တမင်း   ၃ ကီလိုတို့  ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့်   သိမ်းဆည်းရမိ  မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း ၂၀၀၀   ကျော်ဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး   ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို   ဆက်လက်စစ်ဆေး   ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။      
        

 သတင်းစဉ်