မင်းတပ်မြို့ရှိ CDF အဖွဲ့များကို ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေးနေသူ ကျော်ဌေး အပါအဝင် သုံးဦး ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ  ၂၃


မကွေးတိုင်းဒေသကြီး  ပေါက်မြို့နယ် သရက်တောကျေးရွာအနီးရှိ သရက်တောစစ်ဆေးရေးဂိတ်၌   မင်းတပ်မြို့ရှိ  အကြမ်းဖက်  CDF (Chinland Defense Force)အဖွဲ့များကို ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံသို့  လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများ  ပို့ဆောင်ပေးနေသူ  ကျော်ဌေးကို  စက်တင်ဘာ  ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။


ဖမ်းဆီးရမိတရားခံ ကျော်ဌေး၏ ထွက်ဆိုချက်အရ ကွင်းဆက် တရားခံ ကျော်ကျော်ထွန်းကို ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် အမှတ်(၉)လမ်းရှိ  ၎င်း၏နေအိမ်၌  စက်တင်ဘာ  ၁၇ ရက်  မွန်းလွဲ ၂ နာရီတွင် Portable X-ray စက် တစ်လုံး၊ အခြားဆေးပစ္စည်းများ၊ အောက်ဆီဂျင် တိုင်းစက်တစ်လုံး၊ ပေါင်ချိန်စက်တစ်လုံး၊ MPT ဆင်းကတ် ၂၀  တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ကျော်ကျော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်း၏ နေအိမ်၌  မေ့ဆေးပေးစက်တစ်လုံးနှင့်  Toyota Tiger (Double Cab) လိုင်စင်မဲ့ (ခဲရောင်)ယာဉ်  တစ်စီးတို့အား စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်း  တွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်။ 


တရားခံများ၏ထွက်ဆိုချက်အရ  ကွင်းဆက်တရားခံ ဇော်နိုင်ဝင်းကို ပေါက်မြို့နယ်  သရက်တောကျေးရွာအနီးရှိ  သရက်တောစစ်ဆေးရေးဂိတ် ၌ ယာဉ်အမှတ်  1D/7221 SURF (လိုင်စင်မဲ့)အပြာရောင်ယာဉ်နှင့်အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ  ၃ နာရီခန့်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဝင်း၏ ထွက်ဆိုချက်အရ ဆောမြို့နယ် နှောကျေးရွာရှိ ၎င်း၏နေအိမ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းထား ကြောင်း သိရသဖြင့်  စက်တင်ဘာ  ၁၇ ရက် ည  ၁၀  နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်၌  Beretta(ဘာရက်တာ) ၉ မမ ပစ္စတို တစ်လက်၊ Retay X treme ၉ မမ ပစ္စတို တစ်လက်၊ ၉ မမကျည် ၁၃၅ တောင့်နှင့် ၅.၅၆ ကျည် ၄၇၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။ 


အဆိုပါဖြစ်စဉ်၏ အဓိကတရားခံဖြစ်သော အေးငြိမ်းသူသည် အကြမ်းဖက် NUG ၏ တရားခံပြေး ဇော်ဝေစိုးနှင့် Zoom Meeting ဖြင့် ချိတ်ဆက်ကာ အကြမ်းဖက် မင်းတပ် CDF များကို ကာကွယ်ကုသမှု ပေးရေးအတွက်   လမ်းညွှန်ချက်များ   ခံယူလုပ်ဆောင်ခဲ့ကြောင်း၊ တရားခံပြေး  ဇော်ဝေစိုး၏  လမ်းညွှန်ချက်နှင့်  အထောက်အပံ့များကို ရယူကာ ချင်းပြည်နယ် မင်းတပ်မြို့ရှိ အကြမ်းဖက် CDF အဖွဲ့များ၏ လက်နက်ကိုင်သောင်းကျန်းမှုများတွင် ဆေးဝါးကုသပေးခြင်း၊ ယာယီ ဆေးခန်းနှင့် ယာယီခွဲစိတ်ခန်း (OT)ကို ဆောက်လုပ်ကုသပေးခြင်းဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့များအား အထောက်အကူပြုပေးနေကြောင်း၊ ပြည်တွင်းပြည်ပအလှူရှင်များထံမှ  အလှူခံ၍ရရှိလာသောငွေများဖြင့် လက်နက်နှင့်ဆေးပစ္စည်းများ ဝယ်ယူကာ အကြမ်းဖက်  CDF  အဖွဲ့အား ပံ့ပိုးနေကြောင်း ဖော်ထုတ်သိရှိရသည်။


ထိုသို့ လက်နက်/ခဲယမ်းနှင့် ဆေးပစ္စည်းများ မင်းတပ်မြို့သို့ပို့ဆောင် ပေးနိုင်ရန်   အေးငြိမ်းသူ၏ စေခိုင်းချက်အရ   တရားခံကျော်ဌေးနှင့် ကျော်ကျော်ထွန်းတို့သည် ပခုက္ကူမြို့တာဝန်ခံအဖြစ်လည်းကောင်း၊ မပန်းဝေသည် ပေါက်မြို့တာဝန်ခံအဖြစ်လည်းကောင်း၊ ဇော်နိုင်ဝင်းသည် ကျောက်ထု/ဆောတာဝန်ခံအဖြစ်လည်းကောင်း၊ ဘချစ်သည် မင်းတပ် တာဝန်ခံအဖြစ်လည်းကောင်း အသီးသီးတာဝန်ခွဲဝေ၍ ပို့ဆောင်ခဲ့ကြ ကြောင်း သိရှိရသည်။

သယ်ယူပို့ဆောင်ရာ၌ ရန်ကုန်နှင့် မန္တလေးရှိ တာဝန်ခံတစ်ဦးစီမှ ရွှေမန္တလာ၊ ကြယ်စင်မိုး၊ ဧရာဝတီယာဉ်လိုင်းများဖြင့် ပခုက္ကူသို့ ပို့ဆောင် ခဲ့ကြောင်း၊ ပခုက္ကူသို့ရောက်ရှိပြီးပါက Double Cab (လိုင်စင်မဲ့)ယာဉ် ဖြင့်  ပခုက္ကူ-ကမ္မ-ပေါက်-ကျောက်ထု-မင်းတပ် လမ်းကြောင်းအတိုင်း အဆင့်ဆင့်သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ဇူလိုင်မှ စက်တင်ဘာအတွင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးပစ္စည်းများ သယ်ယူမှု (၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


 နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များကို တိုက်ခိုက်ရန် လုပ်ဆောင်နေသည့် ချင်းပြည်နယ်  မင်းတပ်မြို့ရှိ CDF အဖွဲ့ထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးနှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပို့ဆောင်နေသော  ကျော်ဌေး အပါအဝင် သုံးဦးတို့ကို ဥပဒေ အရ  ထိရောက်စွာအရေးယူနိုင်ရေး   ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ဆက်စပ်တရားခံများအား  အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်း များရရှိပါက  သက်ဆိုင်ရာသို့  လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး      ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန်     မေတ္တာရပ်ခံအသိပေးထားကြောင်း သိရသည်။


သတင်းစဉ်