တရုတ်နိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဇင်ဘာဘွေနိုင်ငံ လက်ခံရရှိ

ဟာရာရီ    စက်တင်ဘာ  ၂၇


ဇင်ဘာဘွေနိုင်ငံသည် တရုတ်နိုင်ငံက လှူဒါန်းသည့် Sinopharm  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်ကို စက်တင်ဘာ ၂၆  ရက်တွင်   လက်ခံရရှိခဲ့ကြောင်း   ယနေ့သတင်းများအရ သိရသည်။


အဆိုပါ တရုတ်နိုင်ငံက  လှူဒါန်းသည့်   Sinopharm  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ဇင်ဘာဘွေနိုင်ငံဆိုင်ရာ  တရုတ်သံအမတ်ကြီး ရှာအိုချန်က ဇင်ဘာဘွေနိုင်ငံ၏ ဒုတိယ သမ္မတနှင့်  ကျန်းမာရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေး ဝန်ကြီးဖြစ်သူ ချီဝန်ဂါထံသို့  ဟာရာရီမြို့၏   အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ယင်းကာကွယ်ဆေးများကို လက်ခံရရှိခဲ့ပြီးနောက် ချီဝန်ဂါ က ဇင်ဘာဘွေနိုင်ငံ၏  ကိုဗစ်-၁၉  ရောဂါ ကာကွယ်တိုက်ဖျက် ရေးတွင်  အထောက်အပံ့ပေးသည့်အတွက်  တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း ထုတ်ဖော်ပြောကြားသည်။


ဇင်ဘာဘွေနိုင်ငံသည်  နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဖေဖော်ဝါရီလအတွင်းက  စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း သုံးသန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂ ဒသမ  ၁ သန်းကျော်ရှိကြောင်း သိရသည်။


လက်ရှိတွင် ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်  ခံရသူပေါင်း  ၁၂၉၅၀၅  ဦး၊  ပြန်လည်ကျန်းမာလာသူပေါင်း ၁၂၁၁၂၈ ဦးနှင့် သေဆုံးသူပေါင်း ၄၆၀၃ ဦးရှိကြောင်း သိရသည်။      


ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အလင်းသစ်