
ရန်ကုန် စက်တင်ဘာ ၂၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမို ပူးပေါင်းလာစေရန်အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများ အသိ ပညာပေးလုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေးအတွက်လည်းကောင်း “ကိုဗစ်-၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး”ခေါင်းစဉ်နှင့် “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ် များဖြင့် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထား ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဝါသနာရှင်အဆင့် ပြိုင်ပွဲနှင့် ပညာရှင်အဆင့်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲ အမျိုးအစား နှစ်မျိုး ကျင်းပမည်ဖြစ်သည်။ ဝါသနာရှင်အဆင့်ပြိုင်ပွဲကို “ကိုဗစ်-၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဓာတ်ပုံ ပညာကို ဝါသနာအရ ရိုက်ကူးနေကြသူများ၊ ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးခြင်းမရှိသူများ မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်သည်။ ပညာရှင်အဆင့်ပြိုင်ပွဲကို “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲ များတွင် ဆုရရှိခဲ့ဖူးသူ မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်သည်။
ပြိုင်ပွဲသို့ ကိုဗစ်-၁၉ ရောဂါဆိုးကျိုးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုများ၊ အသိ ပညာပေးဆောင်ရွက်နေမှုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများက ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများ စသည့် အကြောင်းအရာများဖြင့် ဖော်ညွှန်းရိုက်ကူး ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံ အတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံ များသာ ဖြစ်ရမည်။ မည်သည့် ကင်မရာ အမျိုးအစားမဆို အသုံးပြုနိုင်သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီး ထားသည့် ဓာတ်ပုံများ၊ ပြည်တွင်း ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံ များ၊ ဝက်ဘ်ဆိုက်များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အများပြည်သူ အကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ ဝက်ဘ်ဆိုက်များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများတွင် အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံအကြောင်းအရာ၊ ရိုက်ကူးသည့် နေရာ ဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျောတွင် သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲပေးပို့ရ မည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၃၀-၉-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ ရန် ဖိတ်ခေါ်ထားမှုအစား ရက်တိုးမြှင့် သတ်မှတ်၍ ၃၁-၁၀-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဦးမြင့်ဆွေ ညွှန်ကြားရေးမှူး(ထုတ်လုပ်) ထုတ်လုပ်ရေး ဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အမှတ် (၂၂၈) သိမ်ဖြူ လမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ ဖုန်း- ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ တို့သို့ ဆက်သွယ် ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။
သတင်းစဉ်