
နေပြည်တော် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီတွင် တာချီလိတ်မြို့နယ် ဝှေလေလန် ပူးပေါင်းစစ်ဆေးရေး စခန်း၌ ဝမ်ပုံမှ တာချီလိတ်ဘက် သို့ အိုက်ခမ်း(ခ)အိုက်ကျင်(၃၅နှစ်) မောင်းနှင်လာသည့် Swift မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ နံနက် ၈ နာရီတွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်း ကျေးရွာအတွင်း ပုန်းခိုနေသည့် အိုက်ခမ်း (ခ) အိုက်ကျင်ကို မော်တော်ယာဉ်နှင့်အတူ တွေ့ရှိ ရပြီး ၎င်းသယ်ဆောင်လာသည့် ကျည်မျိုးစုံ ၁၅၀၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက် ဝမ်လုံနယ်မြေ အိမ် အမှတ် (၇၇) ရှိ အိုက်စိုင်း(ခ)စိုင်းပေါင်း (၃၀နှစ်) ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းစိုင်း(၃၀နှစ်)၊ အားဝေ(၂၁နှစ်) တို့အား ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၉၅၀၀ ဖမ်းဆီးရမိခဲ့ကြောင်း။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် ည ၈ နာရီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာအနီးတွင် မိုင်းရှူးမြို့နယ်မှ ရန်ကုန်တိုင်း ဒေသကြီး ထောက်ကြံ့မြို့နယ်သို့ အောင်လင်းကျော်(၂၇နှစ်) မောင်း နှင်လာသည့် SINO TRUK မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ အဆိုပါယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်