မိမိတို့အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားအလေးထား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် “ဆီဝယ်ယူတင်သွင်းမှုပမာဏအရ ပြည်တွင်းထွက် စားသုံးဆီမပါ အရွယ် ရောက်သူတစ်ဦးအနေဖြင့် တစ်နှစ် ဆီစားသုံးမှုမှာ ၁၀ ပိဿာကျော်ခန့်ရှိသည်ကို တွက်ချက်မှုများအရသိရသဖြင့် တစ်ဦးချင်းဆီစားသုံးမှုကို  လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် ဆီစားသုံးမှုများ  ရှိရန်လိုကြောင်း၊  ပြည်တွင်း၌ ဆီဖူလုံစွာထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှုများကို လျှော့ချနိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံ၏နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ ဆီစားသုံးမှု လျှော့ချနိုင်ရေးအတွက် ပြည်သူများအား အသိ ပညာပေးသည့်လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။


နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်ပပို့ကုန်တိုးတက်ရရှိရေးကို နိုင်ငံတိုင်း က ကြိုးစားနေကြသည်။ မြန်မာနိုင်ငံတွင် ပြည်ပမှသွင်းကုန်များကို အသေးအဖွဲမှအစ မှီခိုအားထားနေရသဖြင့်  ကုန်သွယ်မှုလိုငွေ   အစဉ်ပြလျက်ရှိသည်။    လိုငွေပြရခြင်း အကြောင်းမှာ ပြည်ပမှစားအုန်းဆီနှင့်  ဘိလပ်မြေကို အများဆုံးပိုမိုတင်သွင်းခဲ့ ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်  စားသုံးဆီနှင့် ဘိလပ်မြေကို ထုတ်လုပ်နိုင်ပါ သော်လည်း  ပြည်ပမှနှစ်စဉ်တင်သွင်းနေရခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်။ ကုန်သွယ်မှုပိုငွေပြနိုင်ရန်အတွက် အဆိုပါကုန်ပစ္စည်းနှစ်မျိုး သုံးစွဲမှု၊ ထုတ်လုပ်မှုနှင့် ပတ်သက်၍ နိုင်ငံအကျိုးစီးပွားအတွက် ဆင်ခြင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ဝန်ကြီး ချုပ်က လမ်းညွှန်အသိပေးစကားပြောကြားခဲ့သည်။


စားအုန်းဆီသည်  ကျန်းမာရေးနှင့်ညီညွတ်မှု   အားနည်းမှန်းသိသော်လည်း တွက်ခြေကိုက်မှုတစ်ခုတည်းကို ရှေးရှု၍ ပြည်ပမှ နှစ်စဉ်ပိုမိုတင်သွင်းနေမှု ကြောင့် နိုင်ငံခြားငွေ  ပိုမိုကုန်ကျပြီး ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေလျက် ရှိသည်။ ထို့ကြောင့် နိုင်ငံခြားငွေ အပိုမကုန်ကျရေး၊  ပြည်သူများ  ကျန်းမာရေးနှင့် ညီညွတ်ရေးအတွက် နိုင်ငံသားအားလုံးက  အမျိုးသားရေးအသိဖြင့်    ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဘိလပ်မြေနှင့်  ပတ်သက်၍လည်း   ပြည်တွင်း၌ ဘိလပ်မြေထုတ်လုပ်နိုင်ပြီး ပြည်တွင်းထုတ်ဘိလပ်မြေသည်  အဆင့်အတန်းမီ သဖြင့် ထုတ်လုပ်မှုတိုးတက်အောင်ဆောင်ရွက်ပြီး သုံးစွဲကြရန်လိုအပ်သည်။ မြန်မာ နိုင်ငံမှထုတ်လုပ်သော  မြင်းခေါင်းတံဆိပ်ဘိလပ်မြေသည်  လူကြိုက်များသည်။ ပြည်တွင်းထုတ်ကုန် ပြည်တွင်း၌ သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုကိုမြှင့်တင်နိုင် ပြီး သုံးစွဲသူနှင့် ကုန်သည်များမှာ အဓိကကျသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ဘတ်ဂျက်ကာလ ၁၀ လအတွင်း ပို့ကုန် ၁၁ ဒသမ ၈၉၂ ဘီလီယံရှိပြီး သွင်းကုန်မှာ ၁၂ ဒသမ ၂၆၀ ဘီလီယံရှိကြောင်း သိရသည်။ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ၂၁ ဒသမ ၁၅၃ ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေ ၃၆၈ သန်းခန့်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်လျှင် ကုန်သွယ်မှု ၂၂ ဒသမ ၃၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကုန်သွယ်မှုလိုငွေပြရခြင်း သည် အထက်ပါကုန်ပစ္စည်းနှစ်မျိုးကို ပိုမိုတင်သွင်းခဲ့သောကြောင့်ဖြစ်ပြီး အခြားပြည်ပအဓိကပို့ကုန်များဖြစ်သော ဆန်စပါး၊ ငါး၊ ပုစွန် စသည့်ရေထွက်ပစ္စည်းများ တင်ပို့မှုမှာ လျော့နည်းကျဆင်းသွားသောကြောင့်လည်း ပါဝင်သည်။ ယနေ့ကာလ တွင် ငွေကြေးဂယက်ရိုက်ခတ်မှုကြောင့် နိုင်ငံခြားငွေဈေးနှုန်းများ အဆမတန် မြင့်မားနေရာ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်းစားသုံးဆီ များ ပိုမိုထုတ်လုပ်ကြရန်လိုအပ်သည်။ အချို့နိုင်ငံများတွင် ဆီမစားသောနိုင်ငံများ၊ ဆီလျှော့စားသောနိုင်ငံများလည်းရှိရာ မိမိတို့ကျန်းမာရေးနှင့် ထွက်ငွေလျှော့ချ ရေးအတွက် အတုယူစရာဖြစ်သည်။


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပမှ စားအုန်းဆီတန်ချိန် ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် တန်ချိန် ၃၇၀၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် တန်ချိန် ၈၅၅၀၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချန် ၈၈၈၀၀၀ ကျော်နှင့် ယခုဘဏ္ဍာနှစ် စက်တင်ဘာလ ၁၇ ရက်အထိ တန်ချိန် ၇၉၀၀၀၀ ခန့် နှစ်စဉ်တင်သွင်းခဲ့သည်။ ပြည်သူများအနေဖြင့်  ကျန်းမာရေးကို  သတိမမူ၊  ဈေး သက်သာပြီး တွက်ခြေကိုက်မှုကိုသာ ဦးစားပေးခဲ့ကြသဖြင့် စားအုန်းဆီကို တစ်နှစ် ထက်တစ်နှစ် ပိုမိုတင်သွင်းလာသည်ကိုတွေ့ရှိရာ ပြည်သူများ၏ ကျန်းမာရေးနှင့် နိုင်ငံခြားငွေ ပိုမိုကုန်ကျမှုအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ဆီစားသုံးမှုကို မလျှော့ နိုင်သော မြန်မာနိုင်ငံတွင် စားအုန်းဆီအသုံးပြုမှုကို သတိပြုပြီး စနစ်တကျခြိုးခြံ ချွေတာ သုံးစွဲကြရန်လိုအပ်သည်။ မိမိတို့ဆန္ဒထက် နိုင်ငံ့အကျိုးစီးပွား၊ မိမိတို့အကျိုး စီးပွားကို အလေးထားရန် တိုက်တွန်းအပ်ပါကြောင်း။     ။