
အောက်လန်း အောက်တိုဘာ ၃
နယူးဇီလန်အစိုးရသည် နိုင်ငံ၏အကြီးဆုံးမြို့ ဖြစ်သည့်အောက်လန်းတွင် ကူးစက်မြန် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ လျက်ရှိသည့်အတွက် နယ်နိမိတ်မျဉ်းထိန်းချုပ် မှုကို ယနေ့မှစပြီး ပိုမိုတင်းကျပ်လိုက်သည်။
နယူးဇီလန်နိုင်ငံ အောက်လန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂ ဦးနှင့် အောက်လန်းမြို့မှ တောင်ဘက်ကီလိုမီတာ ၁၄၇ ခန့်အကွာတွင်တည်ရှိသောဝိုင်ကာတိုဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှစ်ဦး ယနေ့ တွေ့ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်က အဆိုပါဒေသ၏ အစိတ်အပိုင်းများတွင် အသွားအလာ ငါးရက်ကြာ ကန့်သတ်ရန် ညွှန်ကြားလိုက်သည်။ နယူးဇီလန် အစိုးရသည် ယခုနှစ် သြဂုတ်လလယ်ကတည်းက အောက်လန်းမြို့၌ အသွားအလာကန့်သတ်ထား သည်။
သို့သော် လူဦးရေ ၁ ဒသမ ၇ သန်းခန့်နေထိုင် သည့် အောက်လန်းမြို့၌ အသွားအလာ ကန့်သတ်မှု ဆက်လက်ချမှတ်သင့်၊ မသင့်နှင့် ပတ်သက်၍ အောက်တိုဘာ ၄ ရက်တွင် ဆွေးနွေး မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဂျက်ဆင်ဒါအာဒန်က ပြောကြားသည်။
နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသွားများသည် အသက် ၁၇ နှစ်နှင့် အထက်ရှိသူများဖြစ်ရန် လိုအပ်သလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးသူများဖြစ်ရန်လည်း လိုအပ်ကြောင်း နယူးဇီလန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ဝန်ကြီး ခရစ်ဟစ်ပ်ကိန်းစ်က ပြောကြားသည်။
ထို့အပြင် နယူးဇီလန်လေကြောင်းလိုင်းက နိုင်ငံတကာမှလာသော ခရီးသည်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုမခံယူဘဲ ခရီးမထွက်ရဟူသော မူဝါဒတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကြေညာထားကြောင်း သိရ သည်။
လက်ရှိအချိန်အထိ နယူးဇီလန်နိုင်ငံ၌ ကူးစက်မြန်ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂၀ ရှိလာကြောင်းသိရသည်။
ကိုးကား - ဂါးလ်ဖ်တူဒေး
ဘာသာပြန် - ဂျေတီ
n