၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ 
၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက်
 ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၂၈ /၂၀၂၁)
       ၁၃၈၃ ခုနှစ်၊  တော်သလင်းလပြည့်ကျော်    ၁၀   ရက်  

 
(၂ဝ၂၁  ခုနှစ်၊ စက်တင်ဘာလ  ၃၀  ရက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁
အမည်နှင့် စတင်အကျိုးသက်ရောက်သည့်နေ့ရက်

၁။    (က)    ဤဥပဒေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ   ခြောက်လအတွက်  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
    ( ခ )    ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ   ကုန်ဆုံးသည့်ကာလ အတွက် ဖြစ်ရမည်။
    ( ဂ )    ဤဥပဒေသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက် စေရမည်။

အပိုင်း ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ 
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

အခန်း(၁)
ရငွေများနှင့် သုံးငွေများ

၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊    ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊  အမျိုးသား လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊        ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေသို့   ပေးသွင်း၍   ထုတ်ပေးရန်ရှိသော   သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊   ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊   ပြည်ထောင်စုလွှတ်တော်၊   ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏  ရငွေနှင့်  သုံးငွေ အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီး သည် ဇယား (၁)၊ (၂)၊ (၃)နှင့် (၄)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြ ထားသည့်  ရငွေတို့ကို  စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    (ခ)    ပုဒ်မခွဲ(က)ပါ   တာဝန်ခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော    လုပ်ပိုင်ခွင့်များကို    မိမိ လက်အောက်ရှိ  လုပ်ငန်းဆိုင်ရာ  ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    (ဂ)    ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊  အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။

၄။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊       ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသော ရငွေတို့ ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့် စပ်လျဉ်း၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီး   ခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ      တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
    (ခ)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဌာန များနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ    ခွင့်ပြုထားသော   သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ်  လွှဲပြောင်းသုံးစွဲသည့်     အသုံးစရိတ် များနှင့်စပ်လျဉ်း၍   လည်းကောင်း၊      ပုဒ်မ ၁၁  အရ ပြည်ထောင်စုအစိုးရအဖွဲ့၏  ခွင့်ပြုချက်ဖြင့်   သုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့  တင်ပြသော  ၂၀၂၁  ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လ အတွက်   ပြုပြင်ပြီး   ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ  ဖြစ်ပေါ်သော  ပြောင်းလဲခြင်း များကို အမှန်စာရင်းများတွင်  ထည့်သွင်းဖော်ပြရမည်။
    (ဂ)    ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြုချက် ရယူ ရမည်။

၅။    ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့များ ၏  အရအသုံးခန့်မှန်းခြေငွေစာရင်းများအရ   လိုအပ်သည့်ငွေကို ပြည်ထောင်စု၏   ဘဏ္ဍာရန်ပုံငွေမှ     သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ် ထောက်ပံ့ခြင်း၊ လိုအပ်သည့် ချေးငွေများ ထုတ်ချေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။

အခန်း(၂)
ငွေချေးယူခြင်း

၆။    ပြည်ထောင်စုအစိုးရအဖွဲ့သည်  လုပ်ငန်းစီမံချက်များအတွက် ဖြစ်စေ၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းပါ အသုံး စရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုက တာဝန်ယူရသော ချေးငွေ စာချုပ်များ  သို့မဟုတ်   အာမခံစာချုပ်များ  ထုတ်ပေးခြင်းဖြင့် လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း ပြည်တွင်းမှ ဖြစ်စေ၊    ပြည်ပမှဖြစ်စေ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ငွေချေးယူနိုင်သည်။ ထိုသို့ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင်သည့်     အတိုးနှုန်းများသတ်မှတ်နိုင်သည်။ ပြန်ဆပ် ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကို လည်း ပြုလုပ်နိုင်သည်။  သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းအတွက် အတိုးနှုန်းနှင့် လိုအပ်သော စည်းကမ်းချက်များ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်။

၇။    ပြည်ထောင်စုအစိုးရအဖွဲ့က ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ် ငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။

၈။        ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ  ဝယ်ယူခြင်းနှင့်   ရောင်းချ ခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။

၉။        ပြည်ထောင်စုအစိုးရအဖွဲ့သည်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အတည်ပြုချက်ဖြင့် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက်  ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း ပြည်ပမှ ငွေချေးယူနိုင်သည်။  ပြည်ပမှရရှိသော ချေးငွေများကို နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်နေသော လုပ်ငန်း များသို့  သင့်လျော်သော စည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။

၁၀။        (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်          ဤအခန်းပါ ကိစ္စရပ်များအားလုံးကိုဖြစ်စေ၊    အချို့ကိုဖြစ်စေ ဆောင်ရွက် နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား     လုပ်ပိုင်ခွင့်အပ်နှင်းနိုင် သည်။
        (ခ)    ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအခန်း(၁၀)နှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ဤအခန်းပါ ငွေချေးယူသော ကိစ္စများ အတွက် နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။

၁၁။        ဇယား (၁)၊ (၃)နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများ အနက် ချေးငွေစာချုပ်   ချုပ်ဆိုပြီးသည့် ပြည်ပချေးယူရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသော        ငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား(၂)၊ (၄)နှင့် (၈)တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ် သုံးသပ်၍ ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်းဖြင့်ဖြစ်စေ၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေ ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုခဲ့သည့် သုံးငွေများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း များတွင်  ထည့်သွင်းဖော်ပြရမည်။  ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များတင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့သည့် သုံးငွေများကို  အမှန်စာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။

၁၂။        ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ကာလအတွင်း ဤအခန်းအရ ငွေချေးစာချုပ်များ   ချုပ်ဆိုပြီးနောက်  အမှန်တကယ်  ချေးယူရရှိသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်းငါးဆယ့်နှစ်သိန်းထက် မပိုစေရ။ ယင်းတွင် ဘဏ္ဍာရေးနှစ်အတွင်း  ပြည်ပချေးငွေ၌  အမှန်တကယ် ထုတ်ယူသုံးစွဲငွေနှင့် ပြည်တွင်းချေးငွေ၌   အသားတင်ဖြည့်ဆည်း ငွေတို့ အကျုံးဝင်သည်။

အခန်း(၃)
ပြည်ပအကူအညီရယူခြင်း

၁၃။        ပြည်ထောင်စုအစိုးရအဖွဲ့သည်   လုပ်ငန်းစီမံချက်တစ်ရပ်ရပ် အတွက်  ပြည်ထောင်စုအဆင့်ဌာန၊    အဖွဲ့အစည်းအတွက်သော် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်   ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း       ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခွင့်ပြုနိုင်သည်။

၁၄။        ဇယား(၁)၊ (၃)နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများ အနက် ပြည်ပအကူအညီ ရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်း အသုံးစရိတ်များကြောင့် ဇယား(၂) ၊ (၄) နှင့် (၈)တို့တွင် ဖော်ပြခွင့်ပြု သော သုံးငွေများထက် ပိုမို သုံးစွဲရန် လိုအပ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်း သုံးစွဲခြင်း နည်းလမ်း၊  ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့် နည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် သုံးငွေများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြ ချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့သည့် သုံးငွေများကို  အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။


(ဆက်လက်ဖော်ပြပါမည်)