စစ်မှန်သည့်ဒီမိုကရေစီအခြေခံအုတ်မြစ်စိုက်ထူ

မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင်ဘုရင်စနစ်၊ နယ်ချဲ့အရင်းရှင်စနစ် ချုပ်ငြိမ်းပြီးနောက် ဒီမိုကရေစနစ်ကို စတင်ဖော်ဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပထမ အကြိမ်အဖြစ် ပါလီမန်ဒီမိုကရေစီစနစ်ကို ဆယ်နှစ်ကျော် အကောင်အထည်ဖော်ပြီး နောက် တစ်ခန်းရပ်သွားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ဆယ်နှစ်ကြာ အကောင်အထည်ဖော်ပြီးနောက် တစ်ခန်းရပ်ခဲ့ရပြန်သည်။ ပြည်သူ များ နှစ်သက်ကြသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခဲ့သော်လည်း အခြေခံအုတ်မြစ်ကို ခိုင်မြဲစွာမစိုက်ထူနိုင်သဖြင့် ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။


ဒီမိုကရေစီသည် နိုင်ငံရေးဝါဒစကားသာ မဟုတ်ပေ။ ပြည်သူတို့၏ အနေ အထိုင် အတွေးအခေါ် အလေ့အကျင့်ဖြစ်သည်။ ဒီမိုကရေစီကို ဟောပြောရုံနှင့်မရ၊ ကျင့်သုံးမှရသည်။ ဒီမိုကရေစီကို လိုက်နာကျင့်သုံးပြီး အခြေခံအုတ်မြစ်ကို ခိုင်မာ အောင် စိုက်ထူထားသည့် နိုင်ငံကြီးများကို ကမ္ဘာပေါ်တွင် မြင်တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီသည် လူတစ်စု၊ လူတစ်ဖွဲ့အသုံးချရန် အခွင့်အာဏာမဟုတ်ပေ။ အခြေခံ ဥပဒေတွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှသက်ဆင်းသည်ဖြစ်၍ ပြည်သူ့ ကိုယ်စား တာဝန်ယူဆောင်ရွက်ကြရခြင်းဖြစ်သည်။ ပြည်သူဟုဆိုရာ၌လည်း ပြည်သူကိုအသုံးချ၍ တစ်ပါတီ၊ တစ်ဖွဲ့တွင် အာဏာမတည်ပေ။ တစ်ပါတီ၊ တစ်ဖွဲ့ တွင် အာဏာတည်အောင် မမှန်ကန်သောနည်းဖြင့် ကြံစည်လျှင်ဖြစ်စေ၊ တိုင်းပြည် ကို နိုင်နင်းအောင်မခန့်ခွဲနိုင်လျှင်ဖြစ်စေ ဒီမိုကရေစီတစ်ခန်းရပ်သည့်အဖြစ်ကို မြန်မာ့နိုင်ငံရေးတွင် တွေ့နိုင်ပေသည်။


ဒီမိုကရေစီနိုင်ငံတွင် ပြည်သူတို့၏ အခွင့်အရေးအာဏာတို့ကို ပြည်သူတို့က မပြတ်မလပ် စောင့်ရှောက်ကာကွယ်ကြရသည်။ ငေးငိုင်နေ၍ မနေကြရ၊ တွေဝေနေ ၍ မနေကြရ။ ငေးငိုင်တွေဝေ၊ ဆင်ခြင်တွေးတောနိုင်မှုမရှိပါက အငိုက်မိတတ်သည်။ ဝါဒလှလှကို ဗန်းပြ၍ တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးသော နိုင်ငံရေးပါတီ တို့၏ သြဇာအာဏာစက်အောက်သို့ ကျရောက်တတ်သည်။ နိုင်ငံရေးပါတီတို့သည် တိုင်းပြည်နှင့်လူထုအကျိုးစီးပွားကို ရှေးရှုခြင်းမရှိဘဲ အာဏာတည်မြဲရေးကိုသာ ရှေးရှု၍ ပျက်စီးခြင်းသို့ရောက်ရသည်။ နိုင်ငံရေးပါတီဆိုသည်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒ သဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိသည်။


၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေးပါတီသည် အတွေ့အကြုံအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတွင် အားနည်းချက်များရှိသည်ကို တွေ့ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်သည်ကို တွေ့ရသည့်အပြင် အာဏာရပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို အလွဲအသုံးချ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့သည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ ဖြင့်လည်း တရားဝင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို တလွဲအသုံးချကာ ဥပဒေ၊ နည်းဥပဒေတို့ကို ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခြင်းများအား စိစစ် တွေ့ရှိရသည့်အတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။


မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၌ ပထမအကြိမ်ဒီမိုကရေစီခေတ်က နိုင်ငံရေး ပါတီအချင်းချင်း အာဏာလုယက်မှု၊ တိုင်းပြည်အုပ်ချုပ်ရေး မနိုင်နင်းမှုတို့ကြောင့် ဒီမိုကရေစီတစ်ခန်းရပ်ခဲ့ပြီး ဒုတိယအကြိမ် ဒီမိုကရေစီဖော်ဆောင်ရာ၌လည်း ပြည်သူကိုအသုံးချ၍ အာဏာရရှိရေး ကြိုးပမ်းမှုများကြောင့် ဒီမိုကရေစီတစ်ခန်း ရပ်ခဲ့ရသည်။ အနှစ်ချုပ်လျှင် တစ်ပါတီအာဏာရရှိရေးအတွက် ကြိုးပမ်းကြရာမှ ဒီမိုကရေစီအုတ်မြစ် ယိုင်နဲ့ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီကို အခြေခံအုတ်မြစ်ခိုင်မာသည့် လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ကြိုးစားရုန်းကန် တွန်းတင်ပေးလျက်ရှိသည်။ နိုင်ငံရေးပါတီတစ်ခုတည်းက တိုင်းပြည်တာဝန်ယူရာ၌ တွေ့ရှိလာသည့်အားနည်း ချက်များ၊ တစ်ပါတီအာဏာရှင်စနစ် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိသည့် မြန်မာနိုင်ငံအနေဖြင့်  အချိုးကျကိုယ်စားပြုစနစ်(PR) သည်သာ အသင့်လျော်ဆုံးဖြစ်ပေလိမ့်မည်။


သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်သူများ လိုလားသော၊ နိုင်ငံအများကျင့်သုံးနေသော စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာ ရန်အတွက် အခြေခံအုတ်မြစ်ခိုင်မာလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။        ။