
ဂျီနီဗာ အောက်တိုဘာ ၆
ကူးစက်မြန်ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် လွန်ခဲ့သည့်သီတင်းပတ် အတွင်း ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၉၂ ခုတွင် ကူးစက်ပျံ့နှံ့မှုအရှိန်မြင့်မားလာခဲ့ကြောင်း၊ အလားတူ အယ်လ်ဖာ၊ ဘီတာနှင့် ဂမ်မာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တို့၏ ကူးစက်ပျံ့နှံ့မှုနှုန်းများ မြင့်မားလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယနေ့ ကြေညာသည်။
ဒေသပေါင်း ၁၉၂ ခုသို့ ကူးစက်ပျံ့နှံ့
အဆိုပါ ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်လေးမျိုးသည် စိုးရိမ်ဖွယ် ကောင်းသော ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်များဖြစ်ကြောင်း တားစ်သတင်းအေဂျင်စီ ၏ ဖော်ပြချက်အရ သိရသည်။
အယ်လ်ဖာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံတွင် ပထမဆုံးစမ်းသပ်တွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၁၉၅ ခုသို့ ကူးစက်ပျံ့နှံ့သွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ထို့အပြင် ဘီတာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ယခုနှစ် သြဂုတ်လက တောင်အာဖရိကနိုင်ငံတွင် ပထမဆုံးစမ်းသပ်တွေ့ရှိခဲ့ပြီး ယခုအခါ နိုင်ငံနှင့် ဒေသပေါင်း ၁၄၅ ခုသို့ ကူးစက်ပျံ့နှံ့သွားကြောင်း သိရသည်။ အလားတူ ဂမ်မာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ယခုနှစ် စက်တင်ဘာလက ဘရာဇီးနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၉၉ ခုသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
ကိုးကား-အက်ဖ်အင်န်အေ
ဘာသာပြန်-ဂျေတီ