
နေပြည်တော် မတ် ၁၃
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား HIV ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ် များ တိုးမြှင့်ရေးဆိုင်ရာ အခမ်းအနားကို ယနေ့ညနေ ၅ နာရီ မိနစ် ၄၀ တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ထိုင်းတော်ဝင်မင်းသမီးများ ဖြစ်ကြသည့် Princess Soamsawali Krom Muen Suddhanarinatha နှင့် Princess Bajrakitiyabha ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စစ် ဆူဖတ်သရာ ဆီမိုင်း သရီဖိတပ်နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ကြသည်။
သီးသန့်တွေ့ဆုံ
အခမ်းအနားမစတင်မီ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်း တော်ဝင်မင်းသမီးများသည် အဆိုပါ ဟိုတယ်ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံ ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ထိုင်းတော်ဝင်မင်းသမီးများ သည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား HIV ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ တိုးမြှင့်ရေးဆိုင်ရာ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိမိနှင့် မြန်မာပြည်သူများ အနေဖြင့် အဆွေတော်မင်းသမီးများက UNAIDS ၏ Goodwill Ambassador များအဖြစ် အာရှပစိဖိတ်ဒေသအတွင်း အိပ်ခ်ျအိုင်ဗွီ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ဆောင်ရွက်နေမှုများကို လွန်စွာ ချီးကျူးဂုဏ်ယူပါကြောင်း။
ယနေ့ အခမ်းအနားသည် ယခင်နှစ် နိုဝင်ဘာလက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးကို သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် နှစ်နိုင်ငံအကြား ရှိနှင့်နေသော အားကောင်းသည့် ပူးပေါင်းဆောင် ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် မည့် အခွင့်အလမ်းကို တော်ဝင် မင်းသမီးနှစ်ပါးက ကမ်းလှမ်းခဲ့ခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း။
UNAIDS အဖွဲ့ကိုလည်း အားလုံး မျှော်မှန်းထားသည့် HIV နှင့်ပတ်သက် ၍ ရောဂါအသစ်ကူးစက်မှု လုံးဝမရှိ ရေး၊ ခွဲခြားနှိမ့်ချဆက်ဆံမှု လုံးဝ မရှိရေး၊ AIDS ကြောင့် သေဆုံးမှု လုံးဝမရှိရေးတို့ ရရှိရေးအတွက် ဦးဆောင်လှုံ့ဆော်ပေးရန်အတွက် ယနေ့ အစည်းအဝေးကို စီစဉ်ဆောင် ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိပါ ကြောင်း။
မိမိတို့နိုင်ငံသည် HIV နှင့်ပတ်သက် လျှင် စိမ်းမနေဘဲ ကမ္ဘာပေါ်တွင် HIV ပိုးရှိ ရှင်သန်သူ ၃၇ ဒသမ ၉ သန်းခန့် ရှိသည့်အနက် ၃ ဒသမ ၈ သန်းသည် အရှေ့တောင်အာရှ နိုင်ငံများတွင် နေထိုင်လျက်ရှိပါကြောင်း။
လျှော့ချနိုင်ခဲ့
နိုင်ငံတော်၏ ဦးဆောင်ပံ့ပိုးမှုဖြင့် HIV ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုကြောင့် ရောဂါ အသစ်ကူးစက်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး သေဆုံးမှုကို ၃၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါကြောင်း။
HIV ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက် ၍ အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ တွင် အောင်မြင်မှုများကို စောစီးစွာ ရရှိခဲ့ကြောင်း၊ ယင်းကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် သက်သေပြနိုင်ခဲ့ ပါကြောင်း။
ပိုမိုအားဖြည့်ဆောင်ရွက်
ART ဆေးကုသမှုလုပ်ငန်းဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အပြင် သက်တမ်းစေ့ အသက်ရှင် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ သို့သော် ယခုထက် ပိုကောင်းအောင် ဆောင်ရွက်ရန် လိုအပ်နေသေးပါကြောင်း၊ အထူး သဖြင့် လူငယ်များနှင့် ဦးတည်အုပ်စု များအတွက် ကျန်းမာရေးဝန်ဆောင်မှု များ ပိုမိုလက်လှမ်းမီ ရရှိနိုင်စေရန်နှင့် ခွဲခြားနှိမ့်ချဆက်ဆံခံရမှုမှ လျော့ကျ စေရန် ပိုမိုအားဖြည့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီ ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေမှာ အိပ်ခ်ျ အိုင်ဗွီ ကာကွယ်တားဆီးရေးလုပ်ငန်း များကို ကျန်းမာရေးနှင့် နှီးနွှယ်ဝန်ကြီး ဌာနများ၊ ပြည်သူလူထုအဖွဲ့အစည်း များ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်မှုဖြင့် ရေးဆွဲ ထားသည့် (၅)နှစ်တာ မဟာဗျူဟာ စီမံကိန်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရည်မှန်းထား
အိပ်ခ်ျအိုင်ဗွီကာကွယ်တားဆီးရေး နှင့်ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရမည့် Fast Track နိုင်ငံတစ်ခုဖြစ်သည့်အလျောက် ၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ကို ပြည်သူ့ကျန်းမာ ရေးပြဿနာတစ်ခုအဖြစ်မှ ကင်းစင် ပပျောက်အောင် ဆောင်ရွက်သွားရန် လည်း ရည်မှန်းထားပါကြောင်း။
၂၀၂၀ ပြည့်နှစ်တွင် ၉၀ ရာခိုင်နှုန်း သော အိပ်ခ်ျအိုင်ဗွီပိုးရှိသူများက ၎င်း တို့၏ အခြေအနေကို သိရှိရန်၊ ၎င်း တို့၏ ၉ဝ ရာခိုင်နှုန်းသည် အေအာရ်တီ ဆေးကုသမှုကို လက်လှမ်းမီရရှိပြီး ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းသည် ပိုး ကောင်ရေထိန်းချုပ်မှုရရှိရန် ရည်မှန်း ပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။
လျော့နည်းကျဆင်းလာ
မြန်မာနိုင်ငံအနေဖြင့် သိသာ ထင်ရှားသော အိပ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ်ငန်း အောင်မြင်မှုများ အပေါ် အလွန်ပင်ကျေနပ်အားရမိပါ ကြောင်း၊ အေအာရ်တီ ဆေးကုသမှု ကို တိုးချဲ့ဆောင်ရွက်နိုင်သည့်အတွက် သေဆုံးမှုမှာ ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့် လျော့နည်း ကျဆင်းလာကြောင်း၊ ထို့ပြင် ပြည်သူ လူထုအတွင်း အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှု နှုန်းကို ၂၀၀၀ ပြည့်နှစ်တွင် သုည ဒသမ ၉၄ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ၆ ရာခိုင်နှုန်း အောက်လျှော့ ချနိုင်ခဲ့ပါကြောင်း၊ လက်ရှိအောင်မြင်မှု များနှင့် တင်းတိမ်မနေဘဲ ဆက်လက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
ထို့ပြင် တော်ဝင်မင်းသမီးများက ထိုင်းနိုင်ငံအတွင်း Thai AIDS Research Center မှ အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများကို မြန်မာနိုင်ငံနှင့် အတွေ့ အကြုံဖလှယ်ရန် အဆင်သင့်ဖြစ်နေ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား အကျိုး တူပူးပေါင်းဆောင်ရွက်မှု (သို့မဟုတ်) သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု များအတွက်လည်း ဝမ်းသာကြိုဆိုပါ ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် အကျိုးရှိမည်ဟု ယူဆပါကြောင်း။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် နောင် ပေါ်ပေါက်လာနိုင်သော ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကို တုံ့ပြန်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံသို့ လာရောက်ပြီး မင်းသမီး၏ အာရှပစိဖိတ်ဒေသ အတွင်း အိပ်ခ်ျအိုင်ဗွီ ကာကွယ်ရေး ဆိုင်ရာ အတွေ့အကြုံများနှင့် နှစ်မြှုပ် ဆောင်ရွက်မှုများကို ဖလှယ်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုတွေ့ဆုံမှုသည် အောင်မြင်မှု များရရှိရန် ဆုတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းတော်ဝင်မင်းသမီး Princess Soamsawali Krom Muen Suddhanarinatha ကိုယ်စား ထိုင်းတော်ဝင်မင်းသမီး Princess Bajrakitiyabha က ထိုင်းနိုင်ငံ၏ HIV ကာကွယ်ရေးလုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ပြန်လည်မျှဝေ
ယင်းနောက် UNAIDS အဖွဲ့ အရှေ့ တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Eamonn Murphy က မြန်မာ နိုင်ငံတွင် စတင်ဆောင်ရွက်မည့် မူးယစ်ဆေးသုံးစွဲသူများအကြားတွင် HIV ကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ် (PrEP)သည် ဒေသတွင်း အတွက် ကောင်းမွန်သော သင်ခန်းစာ ဖြစ်လာမည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ ရှာဖွေမှုနှင့်စပ်လျဉ်း၍ ဓာတ်ခွဲ ဆောင်ရွက်ရာတွင် အကူအညီပေးမှု အပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် မိခင်မှကလေးသို့ HIV ပိုးကူးစက်မှုကာကွယ်ရေး အောင်မြင်မှု အတွေ့အကြုံများကို ပြန်လည်မျှဝေ ပေးစေလိုကြောင်းတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း ဂုဏ်ထူးဆောင်နာယက Dr. Praphan က ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း၏ လူထုအခြေပြု HIV ကာကွယ်ရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ပြောကြားကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်း တော်ဝင်မင်းသမီးများသည် ပြည်သူ လူထုအခြေပြု အဖွဲ့အစည်းများ ၏ HIV ကာကွယ်ရေးဆောင်ရွက် ချက် မှတ်တမ်းပိုစတာပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ထိုင်းတော်ဝင်မင်းသမီး များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။
သတင်းစဉ်