
ကိုရင်ဩ
“နေ့ပူလို့ညချမ်း တပေါင်းလသရမ်း” နေချိန်အတော အတွင်း ကျွန်ုပ်တို့၏ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များကိုသာမက ကမ္ဘာတစ်ဝန်းရှိနိုင်ငံများကို တရမန်း ကြမ်း ခြိမ်းခြောက်လာနေသည့် အချင်းအရာသည်ကား “ကိုရိုနာဗိုင်းရပ်စ်” ဖြစ်ပြီးလျှင် ယင်းဗိုင်းရပ်စ်ရောဂါကို “ကပ်ရောဂါအဆင့်” သတ်မှတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(ဒဗလျူအိပ်ခ်ျအို)က မတ်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်၏။
ကမ္ဘာတစ်လွှား အုတ်အာသောင်းသဲဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံ၏ ပြင်ပကမ္ဘာတွင် လောလောလတ်လတ် ပိုမိုဒုက္ခပေးလာနေပြီး ယင်း ရောဂါပိုးကူးစက်ခံရသူဦးရေသည် ရက်သတ္တ နှစ်ပတ်တာ ကာလအတွင်း ၁၃ ဆ မြင့်တက်ခဲ့သည်ဟု ဒဗလျူအိပ်ခ်ျအို အကြီးအကဲ ဒေါက်တာတက်ဒရို့စ်အက်ဟာနမ်က ပြောကြားခဲ့ကာ ယင်းရောဂါပိုး၏ ဘေးအန္တရာယ်အဆင့် ကို “ကပ်ရောဂါအဆင့်” သတ်မှတ်ခဲ့၏။
ကပ်ရောဂါအဆင့်
“ကပ်ရောဂါအဆင့်” ဟူသည်ကား ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဖြစ်ပွားခြင်း (ကမ္ဘာနှင့်ချီ၍ဖြစ်ပွား ခြင်း)၊ ကမ္ဘာ့တိုက်ကြီးများတွင်ဖြစ်ပွားခြင်း၊ လူအများအပြား ကို ထိခိုက်စေခြင်းစသည့် လက္ခဏာများနှင့် ပြည့်စုံသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်ဟု ဆေးပညာရှင် မဟုတ်သူ ကျွန်ုပ်က လူပြိန်းတွေး တွေးမိ၏။ ရှေ့ဆက်၍ ဘာတွေ ဖြစ်လာဦးမည်နည်းဟု စေ့ငုမိ၏။
ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကမ္ဘာ့ကပ်ရောဂါအဆင့် သတ်မှတ်လိုက်ပြီဆိုမှတော့ ကျွန်ုပ်တို့အနေဖြင့် “ထမင်း ရေပူလာ လျှာလွှဲ” မလုပ်နိုင်တော့ပြီ။ “တောင်မင်း မြောက်မင်းမကယ်နိုင်”တော့သည့် အခြေအနေသို့ ရောက်ပြီဆိုလျှင် လာမည့်ဘေး ပြေးတွေ့ကြရလိမ့်မည်။
တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ကမ္ဘာတစ်ဝန်း သို့ ကူးစက်ပျံ့နှံ့နေသော ရောဂါဘေး ဖြစ်ပေရကား လူသားတို့အား နှိပ်စက်ကလူပြုလာသော “ပြည့်ရန်သူ” ကို အတူယှဉ်တွဲ ချေမှုန်းပွဲပြုလုပ်နေကြရဆဲဖြစ်၏။
ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကို အမြစ် ပြတ်ချေမှုန်းတိုက်ထုတ်နိုင်ရန် အစီအမံများကို အင်တိုက် အားတိုက် ချမှတ်လုပ်ဆောင်ကြမည်ဆိုပါက ရောဂါ ဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်လာနိုင်မည်ဖြစ် ကြောင်း ဒဗလျူအိပ်ချ်အို ညွှန်ကြားရေးမှူးချုပ် ကက်ဒရို့စ် က မတ်လ ၁၂ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ကမ္ဘာ့လူသားတို့ကို အားပေးစကားပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကမ္ဘာ့ကပ်ရောဂါအဆင့် သတ်မှတ်ခြင်းသည် ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီး နိုင်ရန် ကြိုးပမ်းနေကြသော ကမ္ဘာ့နိုင်ငံများ၏ လုံ့လ ဥဿဟပြုမှုများ အဟောသိကဖြစ်သွားရသည့် သဘော မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများသည် ယင်းဗိုင်းရပ်စ်ပိုးကို ဒူးထောက်လက်မြှောက်အရှုံးပေးလိုက်သည့် သဘော လည်းမဟုတ်ကြောင်း သူက ဆိုသည်။
အမြစ်ပြတ်ချေမှုန်းသွားရန်လိုအပ်
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ထိန်းချုပ်နိုင်စွမ်းငှာ လုပ်ဆောင်နိုင်သည့် ရောဂါဘယတစ်မျိုးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများသည် နိုင်ငံရေးကတိကဝတ်ပြုမှု (ဝါ) နိုင်ငံရေး အသိစိတ်ဓာတ်ရှိမှုဖြင့် ယင်းဗိုင်းရပ်စ်ပိုးကို ချေမှုန်းရေးမှာ အဓိကကျလှကြောင်း၊ ရောဂါကူးစက် ပျံ့နှံ့မှု ကျဆင်းသွားရုံမျှဖြင့် တင်းတိမ်မနေကြဘဲ အမြစ် ပြတ်ချေမှုန်းသွားရန်လိုအပ်ကြောင်း ဒဗလျူအိပ်ခ်ျအို အကြီးအကဲက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြော ကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးရသူဦးရေ ၄၅၀၀ ကို ကျော်လွန်သွားခဲ့ပြီဟု အေအက်ဖ်ပီသတင်း ဌာနက ပြောကြားခဲ့ပြီး ကမ္ဘာ့နိုင်ငံ ၁၁၈ နိုင်ငံတွင် ရောဂါပိုး ကူးစက်ခံထားရသူ ၁၂၅၀၀၀ ခန့်ရှိသည်ဟု ဒဗလျူအိပ်ခ်ျအို က ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ကူးစက်မှုအခြေအနေ ရပ်တန့်သွားအောင် လုပ်ဆောင်နေကြရသည့် ကာလ အခိုက်အတန့်သို့ ရောက်ရှိနေပေပြီ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ပိုးကို နိုင်ငံတကာက စိုးရိမ်ပူပန်ရသည့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားရာ ကမ္ဘာ့နိုင်ငံများအားလုံးက အရေးကြုံ သက်လုံကောင်း ကြဖို့ လိုအပ်လာသည်။ အသိတရားကင်းမဲ့လျှင် ဇီဝိန်ချုပ် သွားနိုင်သော ကိုရိုနာဗိုင်းရပ်စ်ပိုးကို ညီညာဖြဖြ ဝိုင်းဝန်း ချေမှုန်းကြဖို့ အချိန်ကျရောက်လာသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးအစပြုရာ တရုတ်နိုင်ငံ၌ ရောဂါ ကူးစက်မှု လျော့ပါးသွားသော်လည်း ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိသွားပြီဖြစ်သော အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတစ်ဝန်း၌ ရောဂါကူးစက်မှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ကူးစက်ခံရသော နိုင်ငံအရေအတွက်မှာလည်း တစ်စစတိုးလာနေသည်ဟု ကျွန်ုပ်လေ့လာတွေ့ရှိရ၏။
အလေးအနက်ဆုံးဖြတ်ခဲ့ရ
ကမ္ဘာ့ကျန်းမာရေးအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ သတ်မှတ်ခဲ့ရာတွင် မိမိတို့သည် အလေးအနက်ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဒဗလျူအိပ်ခ်ျ အို အကြီးအကဲက ပြောကြားသည်။ ကမ္ဘာအနှံ့ပျံ့နှံ့သော ကပ်ရောဂါ (ဝါ) Pandemic ဟူသောဝေါဟာရကို သုံးနှုန်း နိုင်ရန် အလွန်အမင်းချိန်ဆ၍ လုပ်ဆောင်ခဲ့ရကြောင်း၊ ယင်းသို့ သုံးနှုန်းခြင်းဖြင့် ကမ္ဘာတစ်လွှား စိုးရိမ်ထိတ်လန့်မှု တိုးလာနိုင်ကြောင်း၊ သို့တည်းမဟုတ် ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်နိုင်ခြင်းမရှိသဖြင့် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွား ခဲ့ရသည်ဆိုသော လွဲမှားသည့် အထင်အမြင်များလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သူက ဆက်လက်ပြောကြားသည်။
ဒဗလျူအိပ်ခ်ျအို၏ အမြင့်ဆုံး “တပ်လှန့်မှု” ပေါ်ထွက် လာသော မတ်လ ၁၁ ရက်နေ့မှာပင် အာဖရိကတိုက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုခဲ့ရပြီး အင်ဒိုနီးရှား၊ လက်ဘနွန်၊ ပနားမားနှင့် အိုင်ယာလန်နိုင်ငံတို့တွင်လည်း ယင်းရောဂါပိုးကြောင့် ပထမဆုံးသော သေဆုံးသူများရှိခဲ့ ကြောင်း သတင်းများပေါ်ထွက်ခဲ့သည်။
တရုတ်နိုင်ငံပြင်ပ ရောဂါကူးစက်မှု အဆိုးဆုံးအခြေ အနေနှင့် တွေ့ကြုံနေရသော နိုင်ငံမှာ ဥရောပတိုက်ရှိ မြေထဲ ပင်လယ် ကမ်းရိုးတန်းဒေသတွင် မေးတင်တည်ရှိနေသော အီတလီနိုင်ငံဖြစ်သည်။ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကြောင့် သေဆုံးရသူဦးရေ ၁၀၁၆ ဦးရှိသည်ဟု တာဝန်ရှိ သူများက မတ်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် ဟူပေပြည်နယ်ရှိ အခြား မြို့ကြီးများ၌ ဒေသခံပြည်သူများအား “ကျန်းမာရေး ခြေချုပ်”ချထားမှုကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်လုပ်ဆောင် ခဲ့သည့်နည်းတူ အီတလီနိုင်ငံတွင်လည်း မတ်လ ၁၀ ရက်မှ အစပြု၍ နိုင်ငံတစ်ဝန်းတွင် ပြည်သူများအား “ကျန်းမာရေး ခြေချုပ်” ချထားသည်။ “ကျန်းမာရေးခြေချုပ်” အမိန့်အား ချိုးဖောက်သူများကို ရဲတပ်ဖွဲ့က အရေးယူလျက်ရှိသည်။ “ကျန်းမာရေးခြေချုပ်” ချိုးဖောက်ပါက ထောင်ဒဏ်သုံးလ (သို့မဟုတ်) ၂၀၆ ယူရိုငွေ (ဒေါ်လာ ၂၃၀) ပေးဆောင်စေရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။
ဥရောပတွင် အကောင်းဆုံးသော ကျန်းမာရေးစနစ် ကျင့်သုံးနေသည့် အီတလီနိုင်ငံသည် အနောက်ကမ္ဘာတွင် ထူးထူးခြားခြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
အီတလီနိုင်ငံအပြင် ဥရောပတိုက်ရှိ စပိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကမ္ဘာနှင့်ချီ၍ အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့သည်။ ဥရောပ တိုက်ရှိ အီဘာရီယန်ကျွန်းဆွယ်၌ တည်ရှိသော စပိန်နိုင်ငံ တွင် ရောဂါဖြစ်ပွားသူ ၃၇၇၉ ဦး၊ သေဆုံးသူ ၈၇ ဦး (မတ်လ ၁၃ ရက် အခြေပြစာရင်း) ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ဥရောပတိုက် အနောက်ဘက်ခြမ်းရှိ ပြင်သစ်နိုင်ငံတွင် ဇန်နဝါရီ ၂၄ ရက်မှစ၍ ရောဂါပိုးကူးစက်မှု စတင်ခဲ့သည်။ ယင်းနိုင်ငံတွင် ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားရန် သမ္မတ အီမင်နျူယယ်မေခရွန်က မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။ ၎င်းအပြင် အသက် ၇၀ ကျော် အရွယ် ဘိုးဘွားများနှင့် ကျန်းမာရေးမကောင်းသူများ နေအိမ် အတွင်း၌သာ နေထိုင်ကြပြီး အိမ်အပြင်မထွက်ကြရန် အစိုးရက ညွှန်ကြားခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ရောဂါပိုးကူးစက်မှုမရှိစေရေး အစီအမံတစ်ခုအဖြစ် လူ ၁၀၀၀ ထက် ကျော်လွန်၍ လူစု လူဝေးပြုလုပ်မှုကို တားမြစ်ပိတ်ပင်ခဲ့သည်။ ရောဂါပိုး ကူးစက်ခံရသူများတွင် ဥပဒေပြုအမတ်များပင် ပါဝင်လာ သည်။
အနောက်ဥရောပတိုက်ရှိ မြောက်ပင်လယ်ကို မေးတင်တည်ရှိနေသော ဂျာမနီနိုင်ငံသည်လည်း ကပ်ဆိုး ရောဂါပိုး ခြိမ်းခြောက်မှု၏အောက်တွင် မလူးသာမလွန့်သာ အခြေအနေတွင် ရှိနေခဲ့သည်။ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိဖြစ်သော လူဦးရေ ၅၈ သန်းခန့်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိကြောင်း ဂျာမန်ဝန်ကြီး ချုပ် အိန်ဂျလာမာကယ်လ်က မတ်လ ၁၁ ရက်တွင် ကျန်းမာရေး ဝန်ကြီး ဂျင်းစပန်နှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် အတိအလင်းပြောကြားခဲ့သည်။
ကြိုးပမ်းသွားမည်
ကုရာနတ္ထိဆေးမရှိသေးသော အနေအထားတွင် ရောဂါပိုးကူးစက်မှုကို ရပ်တန့်နိုင်စေရန် မိမိတို့ကြိုးပမ်းသွား မည်ဖြစ်ကြောင်း မာကယ်လ်က ပြောကြားသည်။
အာရှတိုက်အနောက်ပိုင်းရှိ အီရန်နိုင်ငံ (ဝါ) ပါရှားနိုင်ငံ သည်လည်း ကမ္ဘာ့ကပ်ရောဂါဆိုးကို ရင်ဆိုင်အန်တုနေရဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ ၈၃ သန်း မှီတင်းနေထိုင်ရာ အီရန်နိုင်ငံ၌ ရောဂါပိုးကူးစက်ခံရသူပေါင်း ၁၀၀၀၀ ကျော် ရှိပြီး လူပေါင်း ၄၂၉ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။
အီရန်နိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် အထိအနာဆုံးနိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင် သည်။ ယင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းအတွက် ရန်ပုံငွေရရှိနိုင်ရန် ကမ္ဘာ့ဘဏ်ထံမှ ဒေါ်လာ ငါးဘီလီယံ တောင်းခံထားသည်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းအတွက် N95 နှာခေါင်းစည်းများ၊ ခွဲစိတ်ခန်းသုံး ဝတ်ရုံများ၊ အသက်ရှူစေနိုင်သော စက်ကိရိယာများ၊ ဓာတ်ခွဲစစ်ဆေးရေး ကိရိယာများ၊ အလွယ်တကူသယ်ယူနိုင်သော ဒစ်ဂျစ်တယ်၊ အိပ်စရေး စက်ကိရိယာများနှင့် အခြားသော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဖြည့်တင်းနိုင်ရန် ယင်းနိုင်ငံ က ကြိုးပမ်းလျက်ရှိလေသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အီရန်နိုင်ငံ၏ အုပ်ချုပ်သူ များကိုပင် သက်ညှာခွင့် မပေးခဲ့ချေ။ ယင်းနိုင်ငံ၏ ဒုတိယ သမ္မတ၊ ကက်ဘိနက်ဝန်ကြီးများ၊ ပါလီမန်အမတ်များ၊ တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် အရာရှိများနှင့် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည်လည်း ရောဂါပိုး ကူးစက်ခံရသူများစာရင်းတွင် ပါဝင်လာခဲ့သည်။
အင်တိုက်အားတိုက် လုပ်ဆောင်
အီရန်နိုင်ငံ၌ စာသင်ကျောင်းများကို ပိတ်ထားရပြီး အားကစားဝါသနာအိုးများ အားကစားပြိုင်ပွဲရုံများသို့ သွားရောက်ခြင်းကိုလည်း တားမြစ်ထားသည်။ သို့ရာတွင် ဘာသာရေး အထွတ်အမြတ်ပြုရာနေရာများ၊ ဈေးများနှင့် မြို့တော်တီဟီရန်ရှိ လမ်းများကိုမူ ဆက်လက်ဖွင့်ထားဆဲ ဖြစ်သည်။ မြို့တော်လူဦးရေ ၈ ဒသမ ၇ သန်းအပြင် မြို့တော်နှင့်ထိစပ်နေသော မြို့ပြဧရိယာတွင် လူပေါင်း ၁၅ သန်း နေထိုင်လျက်ရှိရာ တီဟီရန်တွင် ရောဂါပိုးကို နှိမ်နင်းနိုင်ရန် ကျန်းမာရေးလုပ်သားများက ပိုးသတ်ဆေး ပက်ဖျန်းမှုလုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ ကြသည်။
အစ္စလာမ္မစ်နိုင်ငံဖြစ်သော အီရန်နိုင်ငံနှင့် ကူးလူး ဆက်သွယ်မှုများပြားသော အာဖဂန်နစ္စတန်၊ ဘာရိန်း၊ အီရတ်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု တို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုရှိသည် ဆိုသောသတင်းများ တဖွဲဖွဲပေါ်ထွက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် ကမ္ဘာတစ်ဝန်း ၌ အဖြေရှာနေကြချိန်တွင် အရှေ့အာရှဒေသရှိ တောင်ကို ရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း ယင်းဗိုင်းရပ်စ်ပိုးကို ချေမှုန်းနိုင်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့ရသည်။
ဂျပန်နိုင်ငံသည် ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင် ရန် ခရီးသွားလာခွင့်ကို ထိန်းချုပ်ကန့်သတ်ခဲ့ရာ အိမ်နီး ချင်း တောင်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများ မြင့်တက်ခဲ့ သည်။ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လာရောက် သော ဧည့်သည်များအားလုံးကို ၁၄ ရက်ကြာမျှ သီးသန့် ခွဲထုတ်ထားရန် ဂျပန်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ရာ တောင်ကိုရီးယားအစိုးရက ဂျပန်သံအမတ်ကြီးအား ဆင့်ခေါ်၍ သံတမန်ဆိုင်ရာ ကန့်ကွက်မှုပြုလုပ်ခဲ့ရသေး သည်။
ပြန်လည်နာလန်ထူလာသူဦးရေ တိုးလာ
တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီလမှစ၍ ကိုရိုနာဗိုင်းရပ်စ် စတင်ခေါင်းထောင်ခဲ့ပြီး ပြည်သူများကို ခြိမ်းခြောက်ခဲ့သော်လည်း ယခုအခါတွင် ရောဂါမှ ပြန်လည် နာလန်ထူလာသူဦးရေ တိုးလာနေသည်ဟု ကြားသိရ သည်။ ယင်းနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ ၇၉၇၉ ဦး ရှိခဲ့ပြီး ၇၂ ဦး သေဆုံးခဲ့ရသည်။
ဂျပန်နိုင်ငံတွင်မူ လူပေါင်း ၁၄၂၃ ဦးအထိ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၂၈ ဦး ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို စိန်ခေါ်နေဆဲဖြစ်သော်လည်း ပြည်သူများအတွင်း စိုးရိမ်ပူပန်မှုများ လွန်လွန်ကဲကဲ မဖြစ်ပေါ်သင့်ဘဲ အစိုးရအဖွဲ့များ၏ လမ်းကြောင်းမှန်ကန် သော ချဉ်းကပ်မှုနည်းလမ်းများနှင့်အညီ နေထိုင်လုပ်ကိုင် သွားကြရန် လိုအပ်ပေမည်။
ရောဂန္တရကပ်ဟုဆိုသည့်တိုင်အောင် တစ်ကမ္ဘာလုံး ကို နှိပ်စက်ကလူပြုနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ချေမှုန်းတိုက်ဖျက်ရေးတွင် လက်မနှေးဘဲ အရေးတကြီး ကိစ္စတစ်ခုအဖြစ် နိုင်ငံရေးအသိစိတ်ဓာတ် မြင့်မြင့်မားမား ထားရှိကာ ဝိုင်းဝန်းတိုက်ဖျက်ကြမည်ဆိုပါက မိမိတို့၏ ဆောင်ရွက်ချက် နောက်မကျနိုင်ပါဟု တွေးတောမိရင်း “ရောဂန္တရ မပေါ့ဆနှင့် နိုးထချေမှုန်း ကမ္ဘာဆုံးတိုင်” ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။
Ref: Coronavirus Updates