
ဂျီနီဗာ အောက်တိုဘာ ၁၂
အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို အကာအကွယ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ကူညီကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။
အန်တိုနီယိုဂူတာရက်စ်သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အောက်တိုဘာ ၁၁ ရက်က မိန့်ခွန်းပြောကြားခဲ့ပြီး အာဖဂန်နစ္စတန်၏ စီးပွားရေး မှာ ပျက်စီးယိုယွင်းနေသည့် အခြေအနေဟု ပြော သည်။
အထူးသဖြင့် ငွေကြေးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်ဟုလည်း ပြောသည်။ စီးပွားရေး မှာ ပြိုလဲနေပြီး ဘဏ်များလည်း ပိတ်ထားရကြောင်း၊ အခြားသော အရေးပါသည့် ဝန်ဆောင်မှုလုပ်ငန်းများ လည်း ပိတ်ထားရသည်ဟု ၎င်းက ဆက်ပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အချို့သော နေရာများတွင် ရပ်နားထားရသည်။ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ ပြည်သူများထံရောက်ရှိရန် ငွေကြေး လှူဒါန်းမှုများ ပြုလုပ်သင့်သည်ဟုလည်း တောင်းဆို ခဲ့သည်။
အကယ်၍ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက အကူအညီမပေးလျှင် အာဖဂန်အများအပြားမှာ နေအိမ်များမှ ထွက်ပြေးလာမည်ဖြစ်ပြီး အကြမ်းဖက် မှု ကွန်ရက်မှာလည်း တိုးလာဖွယ်ရှိသည်ဟု သတိပေး ခဲ့သည်။
အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ပညာ သင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် လည်း တာလီဘန်များထံမှ အာမခံချက်ရရှိရန် တောင်းခံခဲ့သည်။ ဩဂုတ်လအတွင်း တာလီဘန်တို့အာဏာပြန်လည်ရရှိပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နေရာများတွင်ရှိသည့် အာဖဂန်အစိုးရ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခံထား ရသည်။
အင်န်အိတ်ချ်ကေ