နိုင်ငံသားတစ်ဦး၏ တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် စသည်တို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားသည် အရေးကြီးသည့်အထောက် အထားဖြစ်သည်။ ထို့အပြင် နောင်လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အားလုံး မဲပေနိုင်ရေးတွင် အရေးပါသည့် အထောက်အထားမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြစ်သည်။
နိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းဇယားများရှိရန် အရေးကြီးသည်။ အဆိုပါကတ်ပြားနှင့် အိမ်ထောင်စု စာရင်းရှိပါမှ ထိုနိုင်ငံသား၊ ထိုအိမ်ထောင်စု၏ ကိုယ်ရေးကိုယ်တာနှင့် အလုပ်အကိုင် ကိစ္စများ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ၌ အရေးပါသည့်ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရွေးချယ်ရာ၌ အဆိုပါအထောက်အထားများသည် အရေးကြီးသည့်အထောက်အထား ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကာလတွင် မဲမသမာမှုများဖြစ်ခဲ့ရာ၌ အဆိုပါ အထောက်အထားများသည် အဓိကကျသောအချက်များအဖြစ် ပါဝင် ခဲ့သည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိသည့်အနက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိဘဲ ဆန္ဒမဲပေးခဲ့သူ လေးသန်းကျော်ခန့်ရှိခဲ့သည်။ ဒီမိုကရေစီ စနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးပြီး လွတ်လပ်မှုနှင့်တရားမျှတမှုရှိရန် အရေးကြီးသည်။ ထို့ကြောင့် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက် ရှိရာ အိမ်ထောင်စုစာရင်းများ မှန်ကန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး၊ လူဦးရေစာရင်းများ မှန်ကန်ရေးတို့ကို စီမံချက်ဖြင့်ဆောင်ရွက်နေသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လူသား အရင်းအမြစ်များ ပေါများသည့်ဒေသများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ပြည်သူအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအထောက်အထား များကို ဆောင်ရွက်ပေးလျက်ရှိရာ အချိန်ကာလအကန့်အသတ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသဖြင့် လုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုသည်။ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလမှ စတင်ဆောင်ရွက်ပေးနေသော်လည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များအပါအဝင် အခြားကန့်သတ်ချက်များကြောင့် လုပ်ငန်းများ နှောင့်နှေးမှုများရှိသည်။ ကန့်သတ်ချက်များ မည်သို့ရှိစေကာမူ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်မြင်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ပန်းခင်း စီမံချက်ကို သက်ဆိုင်ရာဌာနက တာဝန်ယူဆောင်ရွက်နေသော်လည်း နိုင်ငံတော် စီမံချက်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့အတွက် ပန်းခင်းစီမံချက်သည် နိုင်ငံသားတစ်ဦးချင်းစီ အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်သည်ကို အားလုံးက သိရှိနားလည်ထားကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ မပြုလုပ်ရသေးသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်၏ အသုံးဝင်ပုံ၊ မဖြစ်မနေလုပ်ရမည့် အလုပ်ဖြစ်ပုံ၊ မည်ကဲ့ သို့ ဆောင်ရွက်ရမည်တို့ကို သိရှိနားလည်ပြီး ကာယကံရှင် နိုင်ငံသားများကိုယ်တိုင် မဖြစ်မနေ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြမည် ဖြစ်သည်။ ယခု ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းပမာဏသတ်မှတ် ချက်နှင့် ကာလကန့်သတ်ချက်အရ မဖြစ်မနေအောင်မြင်ပြီးစီးအောင် ဆောင်ရွက်ရ မည့်လုပ်ငန်းဖြစ်သည်။
အသက် (၁၈) နှစ်ပြည့်ပြီးသော နိုင်ငံသူ၊ နိုင်ငံသားတိုင်းအနေဖြင့် အိမ်ထောင်စု စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေထိုင်ရာမြို့နယ်များတွင် လုပ်ကိုင် ဆောင်ရွက်ထားကြသည်။ သို့သော် အချို့နိုင်ငံသားများမှာ နိုင်ငံသားဖြစ်နေသော် လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု ရရှိနိုင်ရန်အတွက် လိုအပ်သော အထောက်အထားများကို မသိရှိ၍သော်လည်းကောင်း၊ အထောက်အထားများ မရှိ၍သော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးမကောင်းမွန်ဘဲ အလွန်ဝေးလံ၍ သော်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုစာရင်းများ မပြု လုပ်မိဘဲ နေထိုင်ခဲ့ကြရာ ယခုအခါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိစစ်ရာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် အရေးပေါ်ကာလပြဋ္ဌာန်းချက်များအရ နိုင်ငံတော်၏တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ အတိုင်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ရာ ရွေးကောက်ပွဲအတွက် အဓိကကျသည့် မဲဆန္ဒရှင်အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်ပြီး မဲပေးနိုင်ရေးနှင့် နိုင်ငံသားအခွင့် အရေးများ၊ နိုင်ငံသားတို့၏ ကိစ္စအဝဝတို့ကို အဆင်ပြေစွာဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံသားဆိုင်ရာ အထောက်အထားများ ရရှိရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။