
နေပြည်တော် မတ် ၂၅
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၂၀ပြည့်နှစ်)အတွက် နည်းဥပဒေ ရေးဆွဲရေး(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းထားရှိသော မြေယာခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂) ဖြင့် ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ပြင်ဆင်သည့် လယ်ယာမြေဥပဒေအတွက် နည်းဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းဥပဒေမပြဋ္ဌာန်းနိုင်သေးမီ ကာလအတွင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များအား ဥပဒေနှင့်အညီ ထုတ်ပြန် နိုင်ရေးကိစ္စရပ်များ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ၂၀၁၉ ခုနှစ် အတွင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၄/၂၀၁၉)ဖြင့် ပြဋ္ဌာန်းခဲ့သော ဧရာဝတီတိုင်းဒေသကြီး၏ မြေယာခွန်ဥပဒေဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့် ညီညွတ်စွာဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်