နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ရောဂါနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် အမှာစကားပြောကြား

 
 
 
နေပြည်တော် မတ် ၂၅
 
 
Coronavirus Disease 2019 (COVID-19) ရောဂါနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။
 
 
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားသည်။
 
 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာ နိုင်ငံတွင် တွေ့ရှိသည့် COVID-19 လူနာ ၃ ဦး၏ ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ်ကုသ ပေးနေမှု၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများ၊ သွားလာခဲ့သည့် နေရာများတွင်
ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက် လာမှုနှင့် ပတ်သက်ပြီး ၎င်းတို့အား နေရပ်ပြန်လည်ပို့ဆောင်ရေးအစီအစဉ်၊ စတင်ဝင်ရောက်ချိန်မှစပြီး နေရပ်ပြန်ချိန်အထိ ၎င်းတို့၏ နေထိုင်စားသောက် ရေး အစီအမံများ၊ နေရပ်ပြန်လည်ရောက်ရှိချိန်တွင် ပြည်သူလူထု၏ ဝိုင်းဝန်း ပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်းအစီအစဉ် (community based facility quarantine) များနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တင်ပြချက်များအပေါ် ဆုံးဖြတ်လမ်းညွှန်မှုများ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
 
 
သတင်းစဉ်