Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်း

 
 
 
နေပြည်တော် မတ် ၂၄
 
 
Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀၀ ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လက်ခံသည်။
 
 
လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက COVID - 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် မြန်မာနိုင်ငံသို့လည်း စတင်ဝင်ရောက် လာပြီဖြစ်ရာ ပြည်သူအားလုံးအတွက် အစိုးရနှင့်အတူ ပြည်သူများ ကိုယ်တိုင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အခန်း(၁)၊ ပုဒ်မ ၂ (ခ)၌ ဘေးအန္တရာယ်ဟု ဆိုရာတွင် သဘာဝဘေး၊ လူကြောင့်ဖြစ်သော ဘေးများသာမက ကူးစက်ရောဂါဖြစ်ပွား ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း ပါဝင်ကြောင်း၊ သဘာဝဘေး ကျရောက်စဉ်တွင် ပြည်သူများ လှူဒါန်းထားသောငွေများကို အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေစာရင်းတွင် ထည့်သွင်း ထားရှိပြီး ဘေးနှင့်ပတ်သက်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရာတွင် အကျိုးရှိစွာ အသုံးပြုလျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ် ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ပြည်သူ့ထံသို့ ပြည်သူများ လိုအပ်ချိန်တွင် သုံးစွဲနိုင်ရန် ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
 
 
သတင်းစဉ်