
နေပြည်တော် မတ် ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ Country Director Mr. Newin Sinsiri အား ယနေ့ နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးရုံးတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် အစိုးရနှင့် ပြည်သူပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ထိခိုက်မှုအများဆုံးရှိသည့် စီးပွားရေးလုပ်ငန်းများအား အလျင်အမြန် အထောက်အပံ့ပေးမည့် အစီအစဉ် များကို အသေးစိတ်ဆွေးနွေးခဲ့သည်။
အသိပေးပြောကြား
ADB ၏ Country Director က အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် COVID-19 ကူးစက်ရောဂါ ကျရောက်လျက်ရှိသော ကမ္ဘာ့နိုင်ငံများ၌ အရေးပေါ်လိုအပ်လျက် ရှိသည့် ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ လျာထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်သော COVID-19 ရောဂါကာကွယ် ရေးနှင့် ကုသရေးအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့နှင့် ချေးငွေ များနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။
ဆွေးနွေး
ဆက်လက်၍ လတ်တလောအနေဖြင့် မဟာမဲခေါင်ဒေသခွဲ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အောက်မှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်းဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော COVID-19 ရောဂါရှာဖွေရေး Rapid test kit များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်ဝတ်စုံများနှင့် ကုသရေးအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများ ဝယ်ယူနိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အခြေခံအဆောက်အအုံစီမံကိန်းများ အတွက် ချေးငွေ များ မြန်ဆန်စွာ ထုတ်ပေးနိုင်ရေးနှင့် အဆိုပါ စီမံကိန်းဒေသရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်