
ဝင်းဇေယျာထွန်း
ကျွန်တော်တို့ရဲ့ကမ္ဘာမြေပေါ်မှာ မိခင်သဘာဝကြီးရဲ့ လက်ဆောင်တွေဖြစ်တဲ့ မြစ်ပေါင်းများစွာ စီးဆင်းလျက်ရှိ ပြီး စီးဆင်းရာမြစ်ကြောင်းတစ်လျှောက်မှာ မှီတင်းနေထိုင် သူများရဲ့ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်စေမှု၊ သာယာဝပြောစေမှု စတာတွေကို ဆောင်ကြဉ်းပေးလျက်ရှိပါတယ်။ အချို့သော မြစ်ကြီးများကတော့ ဒီထက်ပိုပြီးနက်နဲတဲ့အဓိပ္ပာယ်ကို ဆောင်နေခဲ့ပါတယ်။
ဒီလိုနက်နဲတဲ့အဓိပ္ပာယ်ဆောင်တဲ့ မြစ်တွေအထဲမှာ မဲခေါင်မြစ်ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားသော ကမ္ဘာ့ (၁၂) ခုမြောက် အရှည်ဆုံးမြစ်ဖြစ်တဲ့ မဲခေါင်မြစ်ဟာ တရုတ်နိုင်ငံရဲ့ တိဗက်ကုန်းမြေမြင့်ဒေသမှာ မြစ်ဖျားခံပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။ ပထဝီအနေအထားအရ ကြည့်ရင် မဲခေါင်မြစ်ဟာ သူဖြတ်သန်းစီးဆင်းရာ တစ်လျှောက်မှာရှိတဲ့နိုင်ငံတွေကို ရစ်ပတ်စုစည်းထားသလိုမျိုး တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ မဲခေါင်မြစ်ကို တရုတ်နိုင်ငံက “လန်ချန်းမြစ်” လို့ ခေါ်ဆိုပြီး မြန်မာအပါအဝင် ကျန်နိုင်ငံတွေက “မဲခေါင်မြစ်” လို့ ခေါ်ပါတယ်။
မဲခေါင်မြစ်ဟာ ဖြတ်သန်းစီးဆင်းရာတစ်လျှောက်မှာရှိတဲ့ နိုင်ငံများအကြားမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ တွေးခေါ်မှုပုံစံတွေ၊ နေထိုင်စားသောက်မှု စရိုက်လက္ခဏာ တွေကို ပျံ့နှံ့ဆက်နွှယ်မှု ရှိစေခဲ့ပါတယ်။ ဒီလို ရေမြေသဘာဝ နီးကပ်မှု၊ သမိုင်းနဲ့ ယဉ်ကျေးမှုဆက်နွှယ်မှုတွေကြောင့် မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ နိုင်ငံတွေကို မဲခေါင်မိသားစုနိုင်ငံများလို့ တင်စားခေါ်ဆိုနိုင်ပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စတင်ပေါ်ပေါက် လာခြင်း
မဲခေါင်မိသားစုအယူအဆ (Mekong family concept) ကို လက်တွေ့စတင်အကောင်အထည်ဖော်ခဲ့တဲ့ ဘူမိ နက်သန်နေရာကတော့ မြန်မာနိုင်ငံ နေပြည်တော်ဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ မဲခေါင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟ နေခြင်းကို လျှော့ချရန်နဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံက ဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆွေးနွေးမှုအပေါ် အခြေခံပြီး တရုတ်နိုင်ငံက မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ထူထောင်ရန် အဆိုပြု ခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံများအားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ဖြတ်သန်းစီးဆင်းနေတဲ့ မဲခေါင်မြစ်ရဲ့ ရစ်ပတ်စုစည်းထားမှုပုံစံဖြင့် တင်စားဂုဏ်ပြုပြီး “မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation - MLC)” လို့ ခေါ်ဆိုခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် စတင်ခဲ့တာဖြစ်ပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်၏ အစပျိုးခြင်း
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမ အကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံ ကျင်းဟုံမြို့၌ ကျင်းပ ခဲ့ပါတယ်။ အစည်းအဝေးကို တရုတ်နိုင်ငံတော်ကောင်စီဝင် နဲ့နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွန်ဒိုင်းတို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများအားလုံး မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ပါတယ်။ ဒီအစည်း အဝေးကနေပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို အောက်ပါမဏ္ဍိုင် (၃) ခုနဲ့ ဖွဲ့စည်းသွားဖို့ သဘောတူခဲ့ပါတယ်-
(က) နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)
(ခ) စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Development)
(ဂ) လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People-to-People Exchanges)
နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်အောက်မှာ မဲခေါင်နိုင်ငံ များရဲ့ အစိုးရ၊ လွှတ်တော်၊ ကာကွယ်ရေးနဲ့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အဖွဲ့အစည်းများအကြား ထိတွေ့ဆက်ဆံမှု များ တိုးမြှင့်ဆောင်ရွက်သွားရေး၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သဘာဝဘေးအန္တရာယ် အစရှိတဲ့ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ထိရောက်စွာ တုံ့ပြန်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စတဲ့လုပ်ငန်းတွေကို အိမ်နီးချင်းကောင်းပီသစွာနဲ့ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ ပြီး ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်အောက်မှာတော့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများတည်ဆောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွင် ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုပါဝင်ရေး၊ ရေ အရင်းအမြစ် ဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် သွားရန်ဖြစ်ပါတယ်။
လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန် အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်မှာ သိပ္ပံ၊ နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍ၊ မီဒီယာကဏ္ဍ စသည်တို့မှာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားဖို့လည်း သတ်မှတ်ခဲ့ပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တရားဝင်စတင်ခြင်း
၂၀၁၆ ခုနှစ်၊ မတ်လမှာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုရဲ့ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ ဆန်းယမြို့မှာ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း (Sanya Declaration) ကို ကြေညာနိုင်ခဲ့ပါတယ်။ ဆန်းယကြေညာစာတမ်းအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်မှာ ကိုယ်စီထားရှိသွား ရမယ့် မဲခေါင်-လန်ချန်းစိတ်ဓာတ် (MLC Spirit)၊ မဲခေါင်-လန်ချန်း အခြေခံမူ (MLC Principles)၊ မဲခေါင်-လန်ချန်း လုပ်ငန်းဆောင်ရွက်မှု မူဘောင် (MLC Framework)၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဦးစားပေးနယ်ပယ် ငါးခု (MLC Priority Cooperation Areas) နဲ့ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက တင်ပြလာတဲ့ ပူးပေါင်းဆောင်ရွက်ရေးမဏ္ဍိုင်သုံးခု (MLC Cooperation Pillars) တို့ကို အတည်ပြု သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကြေညာချက်အရ မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှုကို တရားဝင်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေး ကျင်းပခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကို “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နှစ်ပတ်လည်နေ့” အဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါ ရက်သတ္တပတ်မှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ကြဖို့ ၂၀၁၈ ခုနှစ် ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးက သဘောတူခဲ့ကြ ပါတယ်။
ဆန်းယကြေညာစာတမ်းအရ မဲခေါင်နိုင်ငံများဟာ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်မှု (Openness and inclusiveness) ကို အရင်းတည်တဲ့ မဲခေါင်-လန်ချန်း စိတ်ဓာတ် (MLC Spirit) ထားရှိကာ ပူးပေါင်းဆောင်ရွက်မှု များကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင် ရွက်ရာမှာ အောက်ပါအခြေခံမူ (၇) ချက် (Principles) အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်-
(က) တူညီဆန္ဒ (Consensus)
(ခ) ညီတူညီမျှရှိမှု (Equality)
(ဂ) အပြန်အလှန်အကြံပြုဆွေးနွေးမှုနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှု (Mutual Consultation and Coordination)
(ဃ) မိမိဆန္ဒအလျောက်ပါဝင်မှု (Voluntarism)
(င) အားလုံးမှ ပါဝင်ပူးပေါင်းထည့်ဝင်ဆောင်ရွက်မှု (Common Contribution)
(စ) အကျိုးအမြတ်မျှဝေခံစားမှု (Shared Benefits)
(ဆ) ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်နိုင်ငံတကာ ဥပဒေများကိုလေးစားမှု (Respect for UN Charter and international laws)
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ရည်ရွယ်ချက်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မဲခေါင်ဒေသတွင်းနိုင်ငံများရဲ့ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့် အကောင်အထည်ဖော်သွားရန်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ကို တိုးမြှင့်သွားရန်တို့ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်မှုမူဘောင်များ
နိုင်ငံ့ခေါင်းဆောင်များ အတည်ပြုခဲ့တဲ့ ဆန်းယကြေညာ စာတမ်းပါ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ လုပ်ငန်းဆောင်ရွက်မှုမူဘောင်များ (MLC Framework) ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
(က) မဲခေါင်နိုင်ငံများ၏ ခေါင်းဆောင်များအားလုံးက တူညီဆန္ဒဖြင့် ချမှတ်ထားသော လမ်းညွှန် ချက်များအား မဲခေါင်နိုင်ငံများ၏အစိုးရများ က ကြီးကြပ်အကောင်အထည်ဖော်သွားရန် (Leaders’ guidance and government-guided)၊
(ခ) ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အဖွဲ့ အစည်း၊ အသိုက်အဝန်းပေါင်းစုံမှ ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းပါဝင်နိုင်ရေးဆောင်ရွက်သွားရန် (All-round Cooperation and broad participation)၊
(ဂ) အဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့် စီမံကိန်းများအား အကောင်အထည် ဖော်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကို ဆောင်ရွက်သွားရန် (Project-oriented model)။
ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၅)ခု
ဆန်းယကြေညာစာတမ်းအရ မဲခေါင်နိုင်ငံများဟာ အောက်ပါနယ်ပယ်(၅)ခုမှာ ပူးပေါင်းဆောင်ရွက်သွားရ မှာဖြစ်ပါတယ်-
(က) ပေါင်းစည်းဆက်နွှယ်မှု (Connectivity)
(ခ) ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက်မှု (Production Capacity Cooperation)
(ဂ) နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Cross-border Economic Cooperation)
(ဃ) ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Water Resources)
(င) စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Agriculture and Poverty Reduction)
ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တိုးချဲ့ရေး
လက်ရှိပူးပေါင်းဆောင်ရွက်မှုပုံစံကို “၃+၅” မူဘောင် (3+5 Framework) လို့ ခေါ်ဆိုကြပါတယ်။ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို မဏ္ဍိုင်သုံးခု၊ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်ငါးခုနဲ့ ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှာ ကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဒုတိယအကြိမ် နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးက အတည်ပြုခဲ့တဲ့ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာ လုပ်ငန်းအစီ အစဉ် ၂၀၁၈-၂၀၂၂ (MLC Five-Year Plan of Action 2018-2022 - POA)” အရ ၃ + ၅ မူဘောင်ကို နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ထပ်မံထည့်သွင်းပြီး ၃+၅+X (3+5+X Framework) အဖြစ် တိုးချဲ့သွားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့သွားမယ့် ကဏ္ဍ များကတော့ ကျန်းမာရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ထိခိုက်ပျက်စီးမှုလျှော့ချရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ အကောက်ခွန်နှင့် ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးမှု ကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ ခရီး သွားလာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ မီဒီယာကဏ္ဍများ ဖြစ်ကြပါတယ်။ ငါးနှစ်တာလုပ်ငန်း အစီအစဉ်ကို မဲခေါင် ဒေသခွဲအတွင်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ရေးရဲ့ အခြေခံ လမ်းပြမြေပုံတစ်ခုလို့လည်း သုံးသပ်နိုင် ပါတယ်။
ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ လုပ်ငန်း ဆောင်ရွက်မှုပုံစံ (Working structure) မှာ ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်အလိုက် ပူးတွဲလုပ်ငန်းအဖွဲ့(Joint Working Group-JWG)၊ အဆင့်မြင့် အရာရှိကြီးများအစည်း အဝေး(Senior Officials’ Meeting- SOM)၊ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး (Foreign Ministers’ Meeting)နဲ့ နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး (Leaders’ Meeting) ဆိုပြီး အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ နိုင်ငံ့ခေါင်းဆောင် များအစည်းအဝေးကို နှစ်နှစ်တစ်ကြိမ် ကျင်းပပြီး နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေးကို နှစ်စဉ်ကျင်းပပါ တယ်။ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနဲ့ ပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးများကို လုပ်ငန်းလိုအပ်ချက် အပေါ် မူတည်ပြီး ကျင်းပလေ့ရှိပါတယ်။
ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ငါးခုရှိပေမယ့် ပူးတွဲ လုပ်ငန်းအဖွဲ့ (Joint Working Group-JWG) ခုနစ်ခု ဖွဲ့စည်းထားပါတယ်။ နယ်ပယ်ငါးခုမှာ ပူးတွဲလုပ်ငန်းအဖွဲ့ ခုနစ်ဖွဲ့ရှိရခြင်းက စိုက်ပျိုးရေးနဲ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ “စိုက်ပျိုးရေး” အတွက် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခု၊ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေး” အတွက် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုအဖြစ် သီးခြားစီ ခွဲထုတ်ဆောင်ရွက်ကြလို့ဖြစ်ပြီး သံတမန် ရေးရာပူးတွဲလုပ်ငန်းအဖွဲ့ (Diplomatic Joint Working Group-DJWG) ဟာလည်း ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ငါးခုမှာ မပါဝင်ဘဲ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ မူဝါဒဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်နဲ့ နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့ကို အထောက်အကူပြုဖို့အတွက် သီးခြား ဖွဲ့စည်းခဲ့လို့ ဖြစ်ပါတယ်။
ပူးတွဲလုပ်ငန်းအဖွဲ့တွေမှာ ကဏ္ဍအလိုက် မဲခေါင် နိုင်ငံများရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပေါင်းစည်း ဆက်နွှယ်မှုနယ်ပယ်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (စက်မှုဌာန)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့က ပူးတွဲလုပ်ငန်းအဖွဲ့အသီးသီးမှာ ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ သံတမန်ရေးရာပူးတွဲလုပ်ငန်း အဖွဲ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် များ ပါဝင်ပါတယ်။
လက်ရှိအခြေအနေမှာ သံတမန်ရေးရာပူးတွဲလုပ်ငန်းအဖွဲ့နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကလွဲလို့ ကျန်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များမှာ ဝန်ကြီးအဆင့် အစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိကြီးအဆင့်အစည်းအဝေးများ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ ပထမအကြိမ် ရေအရင်းအမြစ်ဆိုင်ရာပူးပေါင်းဆောင်ရွက် မှု ဝန်ကြီးအဆင့်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်း တရုတ်နိုင်ငံမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ကျန်ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များအနေနဲ့ အနာဂတ်ကာလမှာ ဝန်ကြီးအဆင့်အစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိကြီး အဆင့်အစည်းအဝေးများသို့ အဆင့်မြှင့်တင်ကျင်းပသွား နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
လုပ်ငန်းဆောင်ရွက်မှုပုံစံအနေနဲ့ ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းတွေကို ပူးတွဲလုပ်ငန်းအဖွဲ့တွေမှာ ဆွေးနွေး ညှိနှိုင်းပြီး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့မှတစ်ဆင့် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူတဲ့ပုံစံနဲ့ လုပ်ငန်းများဆောင်ရွက်ပါတယ်။ လက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ငါးခုမှာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး ကျင်းပနိုင်ခြင်းမရှိသေးတဲ့အတွက် ပူးတွဲလုပ်ငန်းအဖွဲ့တွေရဲ့ အစီရင်ခံစာတွေကို သံတမန် ရေးရာပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေး၊ နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတို့သို့ တင်ပြ အတည် ပြုချက်ရယူဆောင်ရွက်လျက် ရှိပါတယ်။
ထူးခြားချက် သုံးခု
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှာ အခြားသော ဒေသတွင်းနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မတူဘဲ ကွဲပြားခြားနားတဲ့ ထူးခြားချက် သုံးခုရှိပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုလား၊
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုလား
ပထမအချက်က ဒီပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံဘက်က ထုတ်ပြန်တဲ့ တရားဝင်စာရွက် စာတမ်းတွေမှာ “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (Lancang-Mekong Cooperation–LMC)” လို့သုံးနှုန်းပြီး ကျန်မဲခေါင်နိုင်ငံများက “မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (Mekong-Lancang Cooperation–MLC)” လို့တရားဝင်သုံးနှုန်းပါတယ်။ ဒီလိုကွဲပြားစွာ သုံးနှုန်းမှုအပေါ် မဲခေါင်နိုင်ငံများနဲ့ တရုတ်နိုင်ငံအကြားမှာ ပြဿနာအခက် အခဲတစ်စုံတစ်ရာ မရှိပါဘူး။ ဒါဟာဘာကိုညွှန်းဆိုတာလဲ ဆိုရင် မဲခေါင်နိုင်ငံများအကြားမှာရှိနေတဲ့ နက်နဲလှတဲ့ တစ်ဦးအပေါ်တစ်ဦး နားလည်ပေးနိုင်မှု၊ သဘောထားကြီးမှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှုတွေကို ဖော်ညွှန်း နေခြင်းဖြစ်ပါတယ်။ နိုင်ငံတကာစာမျက်နှာမှာ ကိုယ့်နိုင်ငံ အသာစီးရဖို့ စကားလုံးလေးတစ်လုံး၊ စာကြောင်းလေး တစ်ကြောင်း၊ စာအထားအသို အရှေ့-အနောက်ထားရှိ မှုလေးတစ်ခု စတာတွေအတွက် နိုင်ငံများအကြား ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ငြင်းခုံတင်းမာနေကြ တဲ့အချိန်မှာ အခုလို အပြန်အလှန်ယုံကြည်နားလည်မှုရှိတဲ့အခြေအနေမျိုးကို ရှာတွေ့နိုင်ဖို့ ခက်ခဲပါတယ်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရဲ့ နှစ်လိုဖွယ်ကောင်းပြီး ထူးခြားတဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။
ညှိနှိုင်းဆွေးနွေးရန်မလိုသောပူးပေါင်းဆောင်ရွက်မှု
ဒုတိယအချက်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းစဉ်မှာ ညှိနှိုင်းဆွေးနွေးမှု (Negotiation) ဆိုတာမရှိပါဘူး။ အဖွဲ့ဝင်နိုင်ငံများအကြား အကြံပြု ဆွေးနွေးတဲ့ပုံစံ (Consultation) နဲ့ လုပ်ငန်းများဆောင်ရွက် ကြလို့ဖြစ်ပါတယ်။ လွယ်လွယ်နဲ့ရှင်းအောင်ပြောရရင် ညှိနှိုင်း ဆွေးနွေးမှု (Negotiation) ဟာ “မိမိတို့ဒီလိုလုပ်ချင်တယ်၊ ဒီအချက်ကိုတော့ မိမိတို့ရမှဖြစ်မယ်၊ မိမိတို့လုပ်ပေးနိုင် တာကတော့ ဒီလောက်ပဲ” လို့ ပြောတဲ့ပုံစံနဲ့တူပြီး အကြံပြု ဆွေးနွေးတဲ့ပုံစံ(Consultation) ကတော့ “မိမိတို့ ဒီလို လုပ်ချင်တယ်၊ ဒီနည်းလမ်းနဲ့လုပ်ချင်တယ်၊ ဒီထက်ကောင်း တဲ့ နည်းလမ်းများ ရှိကြပါသလား၊ မိမိတို့ဘက်က ဘာတွေလုပ်ပေးရမလဲ၊ အခြားအဖွဲ့ဝင်တွေဘက် ဘာတွေ ဖြည့်ဆည်းပေးမှာလဲ” လို့ပြောတဲ့ပုံစံနဲ့တူပါတယ်။ ဒီနှစ်ခုရဲ့ ကွဲပြားခြားနားမှုဟာ သိပ်ပြီး မထင်ရှားပေမယ့် လက်တွေ့ ဆောင်ရွက်တဲ့နေရာမှာတော့ ကွဲပြားမှုရှိတယ်ဆိုတာ တွေ့ရပါတယ်။
အရှိန်အဟုန်လျင်မြန်မှု
တတိယအချက်က မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်ဟာ ဒေသအတွင်းမှာ အမြန်ဆုံးလို့ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုဟာ ၂၀၁၆ ခုနှစ် မတ်လမှာ စတင်ခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ်အထိ လေးနှစ်တာအချိန်ကာလအတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အချို့မှာ ဝန်ကြီးအဆင့် အစည်းအဝေးအဆင့်သို့ မြှင့်တင်နိုင်ခဲ့ခြင်း၊ သံတမန် ရေးရာပူးတွဲလုပ်ငန်းအဖွဲ့ (Diplomatic Joint Working Group-DJWG) အပါအဝင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် အားလုံးမှာ ပူးတွဲလုပ်ငန်းအဖွဲ့များ (Joint Working Group-JWG) ဖွဲ့စည်းခြင်း၊ နိုင်ငံအားလုံးမှာ မဲခေါင်-လန်ချန်း ညှိနှိုင်းကွပ်ကဲရေးအဖွဲ့/ အတွင်းရေးမှူးရုံးများ (National Coordination Unit / MLC National Secretariat) ဖွဲ့စည်းခြင်း၊ အဆိုပါအဖွဲ့များအကြား လွယ်ကူစွာ ဆက်သွယ်ညှိနှိုင်းနိုင်ရန်အတွက် Hotline platform တည်ထောင်သတ်မှတ်နိုင်ခဲ့ခြင်း၊ ဘာသာရပ်အထူးပြုစင်တာ ခုနစ်ခုအထိ တည်ထောင်နိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံအလိုက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (National Joint Working Group) များထူထောင်နိုင်ခြင်းစတဲ့ ဖွဲ့စည်းမှုဆိုင်ရာ (Institutional) လုပ်ငန်းစဉ်များကို ပြီးစီးအောင်ဆောင်ရွက် နိုင်ခဲ့ပါတယ်။
စီမံကိန်းအကောင်အထည်ဖော်တဲ့အပိုင်းမှာလည်း မဏ္ဍိုင် (၃) ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ငါးခု အောက်ကနေပြီး တရုတ်နိုင်ငံနဲ့ မဲခေါင်နိုင်ငံများမှ အဆိုပြု သော စီမံကိန်း ၄၂၃ ခုကျော်ကို ရွေးချယ် အတည်ပြုခဲ့ကာ စီမံကိန်းအကောင်အထည်ဖော်ရန် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေများမှ ရန်ပုံငွေထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ လေးနှစ်တာ အချိန်တိုကာလအတွင်းရရှိခဲ့တဲ့ ဒီကိန်းဂဏန်းတွေဟာ အခြားသောဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်တွေ ဘယ်လိုမှ လိုက်လို့မမီနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းမှာ အရှိန်အဟုန်အလျင်မြန်ဆုံး လုပ်ငန်းစဉ် ဖြစ်တယ်လို့ ကောက်ချက်ချရတာဖြစ်ပါတယ်။
မြေထိုးစက်စိတ်ဓာတ်
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှာ မကြာခဏ ဆိုသလို ရည်ညွှန်းပြောဆိုလေ့ရှိတဲ့ စကားတစ်ရပ်ရှိပါ တယ်။ ဒါကတော့ “မြေထိုးစက်စိတ်ဓာတ်” (Bulldozer Spirit) ဆိုတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ မဲခေါင်ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးအတွက် အခက်အခဲမှန်သမျှကို မြေထိုးစက်ကြီးကဲ့သို့ ကြီးမားတဲ့ စုပေါင်းအင်အား၊ ပြင်းထန်တဲ့အရှိန်အဟုန်တွေနဲ့ တွန်းတိုက် ဖယ်ရှားမယ့်စိတ်ဓာတ်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ရင်ထဲအထိ သဘောပေါက်စေပြီး စိတ်ဓာတ်အင်အား အပြည့်အဝပေးတဲ့ ဝေါဟာရတစ်ခုလို့ ခံစားမိပါတယ်။ ဒီဝေါဟာရကို ဖန်တီး ခဲ့သူကတော့ တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖြစ်ပါတယ်။
မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲ ရေးအဖွဲ့
၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အား ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအသီးသီးမှာ ညှိနှိုင်းကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်သမ္မတရုံးရဲ့ခွင့်ပြုချက်နဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (Mekong-Lancang Cooperation- National Coordination Unit - Myanmar) (MLC- NCU-Myanmar) ကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက် အောက်မှာ ၂၀၁၇ ခုနှစ်၊ မေလက ဖွဲ့စည်းခဲ့ပါတယ်။ ညှိနှိုင်း ကွပ်ကဲရေးအဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များမှာ တာဝန်ယူဆောင်ရွက် နေတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ပါတယ်။ အချို့အဖွဲ့ဝင်နိုင်ငံတွေမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး (National Secretariat) လို့ ခေါ်ကြပါတယ်။
အဖွဲ့ဝင်နိုင်ငံအလိုက် ဘာသာရပ်ဆိုင်ရာပူးတွဲလုပ်ငန်း အဖွဲ့များ
ပူးပေါင်းဆောင်ရွက်မှုဧရိယာအလိုက် အဖွဲ့ဝင်နိုင်ငံ များပါဝင်တဲ့ ပူးတွဲလုပ်ငန်းအဖွဲ့များ (MLC Joint Working Group-JWG) ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းများအကောင်အထည် ဖော်ရာမှာ ဝန်ကြီးဌာနများအကြား ချိတ်ဆက်ဆောင်ရွက်မှု အဆင်ပြေမှုရှိစေရန် နိုင်ငံအလိုက် ပူးတွဲလုပ်ငန်းအဖွဲ့များ (National Joint Working Group) ကို အဖွဲ့ဝင်နိုင်ငံများမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်လည်း အခြား အဖွဲ့ဝင်နိုင်ငံများနည်းတူ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခဲ့ပါ တယ်။ လက်ရှိအချိန်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ မဲခေါင်-လန်ချန်း ပေါင်းစည်းဆက်နွှယ်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့ (National Joint Working Group on Connectivity) နဲ့ မဲခေါင်- လန်ချန်းရေအရင်းအမြစ်ဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ (National Joint Working Group on Water Resources Cooperation) တို့အား ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ အခြားသောလုပ်ငန်းအဖွဲ့များကိုလည်း ဆက်လက်ဖွဲ့စည်း သွားရန် ရှိပါတယ်။
ဘာသာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်တာများ
ပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက်မှုရှိစေရန်အတွက် ဘာသာရပ်ဆိုင်ရာစင်တာများကို မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်မှာ ဖွဲ့စည်းတည်ထောင်နိုင် ခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင် ရွက်မှုစင်တာ (Mekong-Lancang Water Resources Cooperation Centre) ကို တရုတ်နိုင်ငံ ပေကျင်းမှာ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက တည်ထောင်နိုင်ခဲ့ပြီး မဲခေါင်နိုင်ငံများအကြား ရေအရင်းအမြစ်ဆိုင်ရာ သုတေသနပြုလုပ်ခြင်း၊ ရေ အရင်းအမြစ်ဆိုင်ရာ နည်းပညာဖြန့်ဝေခြင်း၊ သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ ရေအရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအတွက် စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါတယ်။
မဲခေါင်-လန်ချန်း သဘာဝပတ်ဝန်းကျင် ပူးပေါင်း ဆောင်ရွက်မှုစင်တာ (Mekong-Lancang Environmental Cooperation Centre) ကို ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံ ပေကျင်းမြို့၌ တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီစင်တာအနေနဲ့ မဲခေါင်ဒေသအတွင်းမှာ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများမြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းသဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုမူဝါဒ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သော စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။
မဲခေါင်-လန်ချန်းလုပ်ငန်းခွင်ပညာရေးနှင့်လေ့ကျင့်ရေးစင်တာ (Mekong-Lancang Vocational Education and Training Centre) ကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂၀၁၈ ခုနှစ်က လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှာ မဲခေါင်-လန်ချန်းလုပ်ငန်းခွင်ပညာရေးနှင့် လေ့ကျင့်ရေး စင်တာဌာနခွဲ (Mekong-Lancang Vocational Education and Training Centre) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှာလည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံ များမှာ ရှိတဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ၊ အလုပ် သမားများ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ တယ်။
မဲခေါင်-လန်ချန်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းစင်တာ (Integrated Law Enforcement and Security Cooperation Center of Lancang-Mekong River) ကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစင်တာအနေနဲ့ မဲခေါင်-လန်ချန်းမြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးမှု ရှိရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ထိန်းချုပ်ရေး၊ တရားဥပဒေစိုးမိုးမှုဆိုင်ရာ သတင်းအချက်အလက်များ မျှဝေရေးနှင့် မြစ်ကြောင်းတစ်လျှောက် ညှိနှိုင်းကင်းလှည့်မှု (Coordinated Patrol) များဆောင်ရွက်ရေး၊ အဖွဲ့ဝင် နိုင်ငံများအကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ မဲခေါင်ဒေသဆိုင်ရာ လေ့လာရေးစင်တာ (Global Center for Mekong Studies- GCMS) ကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ဖွင့်လှစ် ခဲ့ပါတယ်။ ဒီစင်တာကတော့ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု စတင်တည်ထောင်ခဲ့တဲ့ ဆန်းယကြေညာ စာတမ်းအရ မဲခေါင်နိုင်ငံများရဲ့ ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု (Track 2) အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ GCMS ရဲ့ ရုံးခွဲဖြစ်တဲ့ Myanmar Center for Mekong Studies (MCMS) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and International Studies - MISIS) မှာ တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။
မဲခေါင်-လန်ချန်းစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု စင်တာ (Mekong-Lancang Agricultural Cooperation Center) ကို ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစင်တာအနေနဲ့ မဲခေါင်-လန်ချန်း နိုင်ငံများအကြား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖလှယ်ရေး၊ ပူးတွဲသုတေသနများ ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ အစားအစာလုံခြုံရေး (Food safety and security) စတဲ့လုပ်ငန်းများမှာ ပူးပေါင်းညှိနှိုင်းမှုများ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ လာအိုနိုင်ငံမှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တရုတ်နိုင်ငံအနေနဲ့ မဲခေါင်နိုင်ငံများမှ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုဝယ်ယူတင်သွင်းသွားဖို့ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးခဲ့ပါသည်။ ဒါဟာ မဲခေါင်-လန်ချန်း လုပ်ငန်းစဉ်ရဲ့ စိုက်ပျိုးရေးပူးပေါင်းဆောင် ရွက်မှုကတစ်ဆင့် ရရှိတဲ့ အသီးအပွင့်တစ်ခုဖြစ် ပါတယ်။
မဲခေါင်နိုင်ငံများရှိ လူငယ်များအကြား ထိတွေ့ ဆက်ဆံမှု၊ ရင်းနှီးမှုများ ပိုမိုရရှိလာစေရေးအတွက် မဲခေါင်-လန်ချန်း လူငယ်နှီးနှောဖလှယ်ရေးစင်တာ (Mekong-Lancang Youth Exchange Center) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ မဲခေါင်လူငယ်များအကြား ထိတွေ့ဆက်ဆံမှု၊ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် မဲခေါင်-လန်ချန်းတက္ကသိုလ်များ အားကစားပြိုင်ပွဲများ၊ လူငယ်အနုပညာရှင်တွေ့ဆုံပွဲများ၊ လူငယ်တီထွင်ဆန်းသစ် မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ အစရှိတဲ့ လှုပ်ရှားမှုများ ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ အဖွဲ့ဝင် နိုင်ငံများမှအဆိုပြုတဲ့ မဲခေါင်ဒေသခွဲကို အကျိုးရှိစေသော စီမံကိန်းများအား အကောင်အထည်ဖော်ခြင်းကိုအခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံ ဖြစ်ပါတယ်။ ဒီစီမံကိန်းများအတွက် အဓိကရန်ပုံငွေထောက်ပံ့ပေးသူက တရုတ်နိုင်ငံ ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံအနေနဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ဖြင့် လည်း ကောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများအတွက် အတိုးနှုန်းသက်သာသောချေးငွေ (Concessional Loan) ကို ယွမ် ၁၀ ဘီလီယံဖြင့် လည်း ကောင်း၊ အခြားချေးငွေ (Credit Line)ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (South - South Cooperation Fund) ကို အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြင့်လည်းကောင်း ထူထောင်ထားပြီးဖြစ်ပါတယ်။ ဒီရန်ပုံ ငွေတွေကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင် အောက်မှ စီမံကိန်းများနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုကို တစ်ဖက်တစ်လမ်းမှ အကျိုးရှိစေသော တရုတ် နိုင်ငံနဲ့ မဲခေါင်နိုင်ငံများရဲ့ နှစ်နိုင်ငံစီမံကိန်းများ(Bilateral projects)အတွက် အသုံးပြုပါတယ်။
အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မိမိတို့နိုင်ငံနဲ့ သင့်တော်မယ့် ရန်ပုံငွေအမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြရာမှာ မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာငါးသိန်းထက်မကျော် သော အသေးစားနဲ့ အလတ်စားစီမံကိန်းများအတွက် ရန်ပုံငွေထောက်ပံ့တဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေသို့ စီမံကိန်းများတင်ပြလျှောက်ထား ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အထူးရန်ပုံငွေ (ပထမအသုတ်) (၂၀၁၇) မှာ စီမံကိန်း ၁၀ ခု၊ အထူးရန်ပုံငွေ (ဒုတိယအသုတ်) (၂၀၁၈) မှာ စီမံကိန်း ၁၉ ခု ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ၇ သန်းခန့်ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) မှ လက်ခံရရှိခဲ့ကာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ လာအိုနိုင်ငံမှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အထူးရန်ပုံငွေ (တတိယအသုတ်) (၂၀၂၀) နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းများကို ကြေညာခဲ့ရာမှာ မြန်မာနိုင်ငံအတွက် စီမံကိန်း ၂၂ ခု (စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းခန့် ရရှိခဲ့ပါတယ်။ ဒီစီမံကိန်းများအတွက် ရန်ပုံငွေကို တရုတ်နိုင်ငံက မကြာမီ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ
အရှိန်အဟုန်ပြင်းစွာနဲ့စတင်ခဲ့တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဟာ ရှေ့ဆက်ဆောင်ရွက် သွားရမယ့် လုပ်ငန်းစဉ်ကိုလည်း ချမှတ်ထားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ ငါးနှစ်တာလုပ်ငန်းစီမံချက် (Five-Year Plan of Action 2018-2022) ဟာ အမှန်တကယ်အားဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ ရေတိုကာလ ရှေ့လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစီမံချက်ကို အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက မိမိတို့ သက်ဆိုင်ရာနိုင်ငံများရဲ့လိုအပ်ချက်များအပေါ်အခြေခံပြီး စုပေါင်းရေးဆွဲခဲ့တာဖြစ်လို့ မဲခေါင် ဒေသတစ်ခုလုံးရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိတဲ့ လုပ်ငန်းစီမံချက်ဆိုတာ သေချာပါတယ်။ ၂၀၂၂ ခုနှစ်ရောက် ရင် နောက်ထပ်လုပ်ငန်းစီမံချက်အသစ်တစ်ခု ရေးဆွဲကြမှာ ဖြစ်ပါတယ်။
နိဂုံး
မဲခေါင်ဒေသခွဲအတွင်းက နိုင်ငံတွေဟာ မဲခေါင်မြစ် ကိုမှီတည်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ မိသားစုဝင်နိုင်ငံများဖြစ်ပါတယ်။ ဒီနိုင်ငံတွေအကြားမှာရှိတဲ့ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်ပေးနိုင်မှု စတာတွေအပေါ် အခြေခံထားတဲ့ ချစ်ကြည်ရင်းနှီးမှုဟာ များစွာနွေးထွေးမှုရှိပါတယ်။ ဒီလို နွေးထွေးတဲ့ဆက်ဆံရေး ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုက ပိုမိုခိုင်မြဲအောင် အထောက်အကူပြုလျက်ရှိနေပါကြောင်း ဖော်ပြအပ်ပါ တယ်။ ။