
ဟနွိုင်း အောက်တိုဘာ ၁၈
ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၁၈ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၃၁၆၈ ဦးရှိကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက် ဖြစ်ပွားသူ ကိုးဦးနှင့် ပြည်တွင်းကူးစက်သူ ၃၁၅၉ ဦး ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၆၇၂၂၁ဦးအထိရှိလာပြီး ၂၁၂၆၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်း မြို့မှ ၉၆၈ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၄၃၉ ဦးနှင့် ဒွန်နိုင်း ပြည်နယ်မှ ၃၉၃ ဦး တို့ဖြစ်ကြသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူ ၇၉၂၉၈၀ ရှိလာပြီး နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီး သူပေါင်းမှာလည်း ၆၃ ဒသမ ၄ သန်းကျော်လွန်လာပြီဖြစ်သည်။ အောက်တိုဘာ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၆၂၅၃၁ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဆင်ဟွာ