
ဆိုးလ် အောက်တိုဘာ ၁၈
၂၀၃၀ ပြည့်နှစ်၌ တောင်ကိုရီးယားနိုင်ငံ၏ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၄၀ ရာခိုင်နှုန်း လျှော့ချ သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ယနေ့ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံသည် ဖန်လုံအိမ် ဓာတ်ငွေ့ကင်းစင်ရေးအတွက် ပြင်းပြသော ဆန္ဒရှိ ကြောင်း ဖန်လုံအိမ်ဓာတ်ငွေ့ကင်းစင်ရေးဆိုင်ရာ အစည်းအဝေးတွင် ၎င်းက မှတ်ချက်ပြု ပြောကြား သည်။ မူလက ၂၀၃၀ ပြည့်နှစ်၌ တောင်ကိုရီးယား နိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၆ ဒသမ ၃ ရာခိုင်နှုန်းသာ လျှော့ချရန်သတ်မှတ်ခဲ့သည်။ ၂၀၅၀ ပြည့်နှစ်၌ ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝကင်းစင် ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက် ချက်အား တောင်ကိုရီးယားနိုင်ငံက ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သမ္မတမွန်ဂျေအင်းက ပြောကြားသည်။
အဆိုပါရည်မှန်းချက်အရ နိုင်ငံအတွင်း ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကို ပိတ်ပင်ခြင်းများအား ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တောင်ကိုရီးယား နိုင်ငံသည် လေထုညစ်ညမ်းမှုကင်းစင်သည့် အဆင့်မြင့်နည်းပညာသုံး မော်တော်ယာဉ်များကို ၈၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ