COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်း

 
 
 
 
COVID-19 ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင် ၁၉၄ နိုင်ငံတွင် ၁၇၇ နိုင်ငံ၌ ကူးစက်ဖြစ်ပွားနေပြီး
မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံတွင်သာ ရောဂါဖြစ်ပွားမှုမတွေ့ရှိသေး၊ ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ
 
 
ရန်ကုန် မတ် ၂၁
 
ကျန်းမာရေးနှင့် အားစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ထောက်ပံ့လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် Skynet (ရွှေသံလွင်မီဒီယာ)မှ ဒါရိုက်တာ အကယ်ဒမီမောင်မျိုးမင်း (ရင်တွင်းဖြစ်)နှင့်
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဦးဇော်မိုးခိုင်တို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူး တင်ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာ တွင် လက်ရှိအချိန်ထိ COVID-19 ရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင် ၁၉၄ နိုင်ငံ၌ ၁၇၇ နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံတွင်သာ ရောဂါဖြစ်ပွားမှု မတွေ့ရှိသေးပါကြောင်း၊ မိမိတို့သည် COVID-19 ဆိုသည့်ရန်သူကို သိနေပြီဖြစ်သည့်အတွက် ရန်သူဝင်ရောက်လာခြင်း မရှိစေရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေသည်မှာ နှစ်လခွဲခန့် ရှိပြီဖြစ်ပါကြောင်း။
COVID-19 ရောဂါပိုး ကူးစက်ခံရသူများ၏ (၈၀ ရာခိုင်နှုန်း)ခန့်သည် ဖျားနာ ခြင်း၊ ချောင်းဆိုးခြင်း၊ သာမန်လက္ခဏာများသာရှိပြီး ပြင်းထန်မှုမရှိကြောင်း၊ ၁၅ ရာခိုင်နှုန်းခန့်သည် ပြင်းထန်သောလက္ခဏာများ ဖြစ်ပွားပြီး လူနာများ၏ ၅ ရာခိုင်နှုန်းခန့်တွင်သာ သေဆုံးနိုင်သည်အထိ ပြင်းထန်စွာဖြစ်ပွားနိုင်ပါ ကြောင်း။
ပြည်သူ့ကျန်းမာရေးကဏ္ဍမှနေ၍ ရောဂါကာကွယ်စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်း၊ ပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်း၊ ရောဂါဖြစ်ပွားရာ ဒေသမှ ခရီးသည်များ နိုင်ငံအတွင်းသို့ ဝင်ရောက်မှုနည်းပါးအောင် ဆောင်ရွက် နေခြင်းကြောင့် ယခုအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော် လည်း မိမိတို့နိုင်ငံအတွင်းသို့ ရောဂါရန်သူ ဝင်ရောက်နေသကဲ့သို့ သဘောထား ၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အရေးကြီးပါ ကြောင်း။
ထိုကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ စီမံဆုံးဖြတ် ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပြီး ဖြစ်ပါကြောင်း။
မိမိတို့သည် ယခုအချိန်တွင် စစ်ပွဲတစ်ခုကို တိုက်ခိုက်နေသကဲ့သို့ သဘော ထား၍ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း သို့မဟုတ်ပါက ထိခိုက်နစ်နာဆုံးရှုံးမှု များမည်ဖြစ်ပါကြောင်း။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားပုံ သဘောသဘာဝကို လက်ရှိအချိန် တွင် ရာနှုန်းပြည့် အတိအကျ မသိရှိသေးသော်လည်း သိရှိရသော အချက်အလက် များအရ ရောဂါကူးစက်ဖြစ်ပွားနေသူ၏ အသက်ရှူလမ်းကြောင်းမှ အစက်အမှုန် များသည် ထိုလူနာ၏ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ပြင်ပသို့ ရောက်ရှိပြီး ခြောက်ပေခန့်အတွင်းရှိ ပတ်ဝန်းကျင်မှ အခြားသူများကို တိုက်ရိုက်ကူးစက် နိုင်ခြင်း (သို့မဟုတ်) အဆိုပါရောဂါပိုးပါရှိသော အစက်အမှုန်များ ကပ်ငြိနေသည့် ပစ္စည်းများ၊ အရာဝတ္ထုများကို လက်ဖြင့်ကိုင်တွယ်မိပြီး နှာခေါင်း၊ မျက်စိတို့ကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် ကူးစက်ခံရသည်ကို တွေ့ရှိပါကြောင်း။
ပြည်သူများ လက်ကို မကြာခဏ စနစ်တကျဆေးကြောသန့်စင်ရန်
ထိုကဲ့သို့ ကိုင်တွယ်မိသော လက်များကို ရေနှင့် ဆပ်ပြာအသုံးပြု၍ ၂၀ စက္ကန့်ခန့်ကြာအောင် စနစ်တကျဆေးကြောပါက COVID-19 ဗိုင်းရပ်စ် ပိုးသည် ကောင်းစွာသေပါကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အား လက်ကို မကြာခဏ စနစ်တကျ ဆေးကြောသန့်စင်ရန် ပြောကြားနေရခြင်း ဖြစ်ပါကြောင်း။
COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက် နေမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ နှင့် Facebook စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ ပြည့်စုံစွာ ဖော်ပြ လျက်ရှိ၍ ပြည်သူများအနေဖြင့် ပုံမှန်ကြည့်ရှုကြစေလိုပြီး ထပ်ဆင့်ဖြန့်ဝေ စေလိုပါကြောင်း၊ သတင်းမှန်များကို ထပ်ဆင့်ဖြန့်ဝေခြင်းဖြင့် သတင်းမှားများ၊ ကောလာဟလများ လျော့နည်းပပျောက်သွားမည်ဖြစ်ပါကြောင်း။
မိမိကိုယ်ကို ရောဂါမကူးစက်ခံရအောင် ကာကွယ်ခြင်းသည်ထိရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားထားသည့် “ပြည်သူ သာလျှင် အဓိက” ဖြစ်သည်ဆိုသည့်အတိုင်း ပြည်သူများကိုယ်တိုင် အသိ စိတ်ဓာတ်ရှိစွာဖြင့် မိမိကိုယ်ကို ရောဂါမကူးစက်ခံရအောင် ကာကွယ်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါကြောင်း။
အလှူရှင်များ ယခုလှူဒါန်းသည့် အသက်ရှူစက် (ventilator) များ၊ လူနာ စောင့်ကြည့်စက် (patient monitor)နှင့် အခြားဆေးနှင့် ဆေးပစ္စည်းကိရိယာ များသည် ကျန်းမာရေးဝန်ထမ်းများက လူနာများကို ပြုစုကုသရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး လူနာများ၏ အသက်များစွာကို ကယ်တင်ပေး နိုင်မည်ဖြစ်ပါကြောင်း။
ယခုလှူဒါန်းမှုများသည် COVID-19 ရောဂါအတွက်သာမက အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိကုသရမည့် အခြားလူနာများအတွက်လည်း များစွာ အကျိုးပြုမည်ဖြစ်ပါကြောင်း။
အဆိုပါစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ ဆရာဝန်များ၊ သူနာပြုဆရာမ များကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်၍ ရေတို၊ ရေရှည် ကာလနှစ်ခု စလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း။
လက်ခံရရှိသော ငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို လိုအပ် သောနေရာများတွင် ထိရောက်အကျိုးရှိစွာ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး ဦးစားပေးနေရာများ ရွေးချယ်ကာ စနစ်တကျ သုံးစွဲသွားမည်ဖြစ်ပါကြောင်း။
ယခုလှူဒါန်းသော ငွေကြေး၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများသည် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် များစွာအထောက်အကူပြုမည် ဖြစ်ပြီး ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် သေဆုံးမှု မရှိစေရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်နက်ကောင်းများ ဖြစ်ပါကြောင်း။
အလှူရှင်များကို ဆရာဝန်/ဆရာမများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များက လူနာများကို ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ ကောင်းစွာ ပြုစု စောင့်ရှောက်နိုင်မည်ဖြစ်၍ ကျေးဇူးတင်ကြမည့်အပြင် မိမိအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လည်းကောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူးအနေဖြင့် လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဦးသိန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က လှူဒါန်းမှုအား လက်ခံကြပြီး အလှူရှင်များထံ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။
အဆိုပါ လှူဒါန်းပွဲ၌ အလှူရှင် ၄၃ ဦးထံမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းငွေကျပ်(လေးထောင့်နှစ်ရာငါးဆယ့်ခြောက်သိန်း)ကိုလည်းကောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀၊ ငွေကျပ် ၅,၆၅၈ သိန်းကျော်၊ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀၊ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ တန်ဖိုးရှိ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူ ချိန်တိုင်းကိရိယာ နှစ်စုံ၊ အသက်ရှူစက် (ventilator) ၁၃ စုံ၊ High Frequency X-rays နှစ်လုံး၊ Patient Monitor သုံးလုံး၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ် ရေးဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ဆေးနှင့် ဆေးပစ္စည်း များကို လည်းကောင်း။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁၅ သိန်းနှင့် ငွေကျပ် ၆၅၈ သိန်းကျော်တန်ဖိုးရှိ အသက်ရှူစက် တစ်စုံ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ပရိဘောဂများ၊ ခေါက်ဆွဲနှင့် ကြာဆံအထုပ်ရေ ၁၀၀,၀၀၀၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ များ၊ Safety Surgical Kit များ၊ Air Cooler ၁၀ လုံးနှင့် ငွေကျပ် ၆၇ သိန်း၊ ဒေါ်လာ ၄၄၀၀ တန်ဖိုးရှိ အင်တာနက်နှင့် CCTV များကို လည်းကောင်း လက်ခံ ရရှိခဲ့သည်။
ယနေ့ လှူဒါန်းပွဲတွင် အလှူရှင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းသော အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁,၀၈၀,၄၁၀,၄၇၆၊ အမေရိကန်ဒေါ်လာ ၂၄၄၀၀ နှင့် စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ တို့ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့် ကလေးဆေးရုံဝင်း အတွင်းရှိ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသောနိုင်ငံများမှ ပြန်လာသူ များနှင့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများ အား ရောဂါလက္ခဏာမရှိသော်လည်း အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည့်ရှု ခြင်း (Quarantine) ပြုလုပ်နေသော သုံးထပ်လူနာဆောင် အသစ်သို့ သွားရောက် ကြည့်ရှုသည်။
အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်
ထိုသို့သွားရောက်စဉ် တာဝန်ကျ ဆရာဝန်များ၊ သူနာပြုဆရာများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်ချက်နှင့် အခက်အခဲများကို မေးမြန်းပြီး လမ်းညွှန် မှာကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးစီး၍ သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီး အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်ခြင်းလုပ်ငန်းကို စီမံဆုံးဖြတ်ရန်၊ အချိန်ပိုဆင်းရသော ဝန်ထမ်းများကို နေ့တွက်စရိတ် အပိုဆောင်းထောက်ပံ့ပေးရန်၊ ရောဂါကူးစက်ခံရမှု မရှိစေရေး အတွက် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးပစ္စည်းများ (PPE) လုံလောက်စွာ ထောက်ပံ့ပေးရန်၊ အခြားလိုအပ်ချက်များရှိပါက COVID-19 Group email မှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်။
ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုးကို စစ်ဆေးမတွေ့ရှိရ၍ အိမ်တွင် ထားရှိပြီး အသွားအလာကန့်သတ်ကာ ဆက်လက်စောင့်ကြပ်ကြည့်ရှုရမည့် သူများကို လိုက်နာဆောင်ရွက်ရမည့် အချက်များအား သေချာစွာ ရှင်းလင်း ပြောကြားရန်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပေးထားရန်၊ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုရှိစေရေးကို ဂရုတစိုက်ကြပ်မတ်ပေးရန်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့် ကလေးဆေးရုံရှိ အဆိုပါ သုံးထပ် လူနာဆောင်သစ်တွင် လူဦးရေ ၁၀၀ ကို ထားရှိစောင့်ကြပ်နိုင်ရန် အသင့်ပြင်ဆင် ထားရှိပြီးဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံသို့ သွားရောက်ပြီး မည်သည့်ရောဂါလက္ခဏာ မျှ မရှိသော်လည်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသော နိုင်ငံများမှ ပြန်လာသူများနှင့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ ခဲ့သောသူများကို ထားရှိ၍ စောင့်ကြပ်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများ ကို သွားရောက်ကြည့်ရှု၍ လမ်းညွှန်မှာကြားသည်။
 
 
သတင်းစဉ်