ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်ရေးဆီ ဦးတည်ကြမည် မြန်မာပြည်

Type


 

ထွန်းထွန်း(ခရေရိပ်)

 

 “ကျွန်တော်တို့ အိမ်က သေးငယ်နေပေမယ့် အိမ်ထဲမှာ စားပွဲတွေ၊ ကုလားထိုင်တွေ၊ ခုတင်တွေ ဘယ်လိုနေရာချထားမလဲဆိုတာ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေးကိစ္စပါ။  မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေရဲ့ကိစ္စမဟုတ်ပါဘူး။ ခုတင်ကို ဟိုဘက်ရွှေ့၊ ကုလားထိုင်ကို ဒီမှာထားလို့ ဘယ်သူမှ  ပြောပိုင်ခွင့်မရှိပါဘူး။ ဒါက ကျွန်တော်တို့ရဲ့အိမ်ပါ။ သေးငယ်နေပေမယ့် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလိုအတိုင်း  စီမံလုပ်ကိုင်ခွင့်ရှိပါတယ်” လို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်(ဟောင်း) လီကွမ်ယု ပြောစကားကို အမှတ်ရမိပါတယ်။
လီကွမ်ယုက    ကျွန်းနိုင်ငံသေးသေးလေးကို    အသန့်ရှင်းဆုံး၊ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်အောင်   စွမ်းဆောင်နိုင်ခဲ့သူတစ်ဦး   ဖြစ်ပါ တယ်။ နိုင်ငံတစ်နိုင်ငံအတွက် ရိုးဖြောင့်မှန်ကန်ပြီး စိတ်စေတနာ ကောင်းရှိတဲ့၊ ထက်မြက်တဲ့ခေါင်းဆောင်ကောင်း ဘယ်လောက်လိုအပ် တယ်ဆိုတာ စင်ကာပူနိုင်ငံကိုကြည့်ရင် သိနိုင်ပါတယ်။ 
မြန်မာနိုင်ငံရဲ့  အမျိုးသားရေးပန်းတိုင်က  အေးချမ်းသာယာပြီး  စစ်မှန်စည်းကမ်း ပြည့်ဝဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး  ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ နိုင်ငံတော် ရဲ့ အမျိုးသားရေးပန်းတိုင်ကို  နိုင်ငံသားပြည်သူတွေရဲ့ စွမ်းအားနဲ့သာ ချီတက်ကြရမှာဖြစ်ပြီး မြန်မာ့ အရေးကို မြန်မာတို့ကသာ ဖန်တီးပုံဖော်ကြရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ    အစိုးရတစ်ရပ်ရဲ့      ဦးစီး ဦးဆောင်မှုနဲ့ စီမံခန့်ခွဲနိုင်မှု စွမ်းရည်က  အရေးကြီးပါတယ်။ မြန်မာ နိုင်ငံအနေနဲ့  ယခုမျက်မှောက်ကာလ  အမျိုးသားရေးပန်းတိုင်ကို  ချီတက်ရာမှာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ် ကာ   တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို   ရှေးရှုပြီး  အားသွန်ခွန်စိုက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံက ပထဝီအနေအထားအရ သဘာဝကပေးအပ်ထားတဲ့  အခြေခံကောင်းတွေ၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းတွေနဲ့ ပြည့်စုံတဲ့နိုင်ငံတစ်ခု   ဖြစ်ပါတယ်။  စီးပွားရေးအရ  ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုဖြစ်သော်လည်း အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အမျိုးသားရေး စရိုက်  လက္ခဏာတွေ ထိန်းသိမ်းစောင့်ရှောက်မှုမှာ အဆင့်မြင့်မားတဲ့ နိုင်ငံ တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေက   မြတ်ဗုဒ္ဓရဲ့  လမ်းစဉ်ဖြစ်တဲ့  မေတ္တာ တရားနဲ့ အရာရာကို ဆုံးဖြတ်လုပ်ကိုင်ကြပြီး သနားညှာတာစိတ်ရှိတဲ့  လူမျိုးတွေဖြစ်ကြပါတယ်။ သတ္တိရှိကြသော်လည်း အငြိုးအာဃာတ ကြီးမားသူများမဟုတ်ဘဲ သည်းခံခွင့်လွှတ် ကျေအေးလွယ်ကြပါတယ်။ ဇွဲလုံ့လရှိမှု၊ ဖော်ရွေခင်မင်မှု၊ ကိုယ်ချင်းစာတရားရှိမှု၊ ရိုးသားဖြူစင်မှု၊   လွတ်လပ်ပွင့်လင်းမှု၊ အစဉ်အလာထိန်းသိမ်းမှု၊ မျိုးနွယ်စောင့်ထိန်းမှု စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့လူမျိုးတွေ ဖြစ်ကြပါတယ်။ 
နှစ်ပေါင်းထောင်ချီ ညီညီညွတ်ညွတ်လက်တွဲ နေထိုင်ခဲ့ကြပြီး  မြန်မာလူမျိုးတွေက ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံပါလျက် နိုင်ငံက သူ့ကျွန်ဘဝ ကျရောက်ခဲ့ရတာ၊ ကိုလိုနီနယ်ချဲ့တို့ရဲ့ ပယောဂကြောင့်  လွတ်လပ်ရေးနဲ့အတူ သွေးကွဲမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ၊ လက်နက် ကိုင်ဆူပူမှုတွေက ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးဘဲ ဆက်လက် ရှိနေတာတွေကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလို ပဋိပက္ခတွေ ကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ခဲ့ရတာလည်း ဖြစ်ပါတယ်။
ကိုလိုနီနယ်ချဲ့တို့ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်ရေးနဲ့  အချုပ်အခြာအာဏာကို    အမျိုးသားခေါင်းဆောင်တွေ၊    မျိုးချစ် တိုင်းရင်းသားပြည်သူတွေက ပြန်လည်ရရှိအောင် စွမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။   အမျိုးသားခေါင်းဆောင်ကြီး   ဗိုလ်ချုပ်အောင်ဆန်း  စတင်မွေးဖွားပေးလိုက်တဲ့ မြန်မာ့တပ်မတော်က အရေးကြုံလာရင် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်ပေးခဲ့တာ ယနေ့ခေတ်မှ မဟုတ် ရှေးခေတ်အဆက်ဆက်ကပင် ဖြစ်ပါတယ်။ 
တပ်မတော်ဆိုတာ ကြည်းတပ်၊ ရေတပ်၊ လေတပ် လက်နက်ကိုင် အင်အားစုကြီး  ဖြစ်ပါတယ်။  တပ်မတော်ရဲ့  တာဝန်က  ပြည်သူနဲ့ နိုင်ငံတော်ကို ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်တွန်းလှန်ဖယ်ရှား ပေးဖို့ ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို မထိပါး ရအောင် ပြည်တွင်းရန်၊ ပြည်ပရန်တွေကနေ ကာကွယ်ထိန်းသိမ်း တည့်မတ်ပေးတဲ့   သမိုင်းအစဉ်အလာတွေနဲ့    ပြည့်စုံခဲ့တာလည်း ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပွားနေတဲ့၊ ပြည်သူတွေရဲ့ ကျန်းမာ ရေးကို ဒုက္ခပေးနေတဲ့  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ  ကိုဗစ် - ၁၉ ရောဂါဆိုးကို ကာကွယ်ထိန်းချုပ်ရာမှာလည်း တပ်မတော် က  တစ်တပ်တစ်အား  ပါဝင်ထမ်းဆောင်နေတာ  အားလုံးအသိပဲ ဖြစ်ပါတယ်။ 
ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စတဲ့ သဘာဝဘေး ဒဏ်တွေ ကျရောက်ရင်လည်း အမိန့်ပေးတာကို စောင့်နေစရာမလိုဘဲ  ချက်ချင်းအမြန်ဆုံး ကူညီကယ်ဆယ်ရေး  လုပ်ငန်းတွေ ဆောင်ရွက် ရမယ်ဆိုတာကိုလည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က     အမိန့်ပေးထားပြီးသား   ဖြစ်ပါတယ်။ ပြည်သူနဲ့တပ်မတော်က အစဉ်လက်တွဲမြဲခဲ့ပြီး တတ်နိုင်သမျှ ပြည်သူ တွေအကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ 
ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများ ရေးတို့အတွက် ရည်မှန်းချက်ထားပြီး ဆက်လက်ဆောင်ရွက်သွား မယ်လို့လည်း    နိုင်ငံတော်အကြီးအကဲက   ပြောကြားထားပါတယ်။  ဒီနှစ်ခုကလည်း  အပြန်အလှန်ဆက်စပ်နေပြီး   တိုင်းပြည်သာယာဝ ပြောရေးကို ဆောင်ရွက်တဲ့အခါ  အဓိကလိုအပ်ချက်ကတော့ ငြိမ်းချမ်း ရေး ဖြစ်ပါတယ်။
နိုင်ငံတိုးတက်ချင်ရင်  အေးချမ်းလုံခြုံရမှာ  အခြေခံလိုအပ်ချက်  ဖြစ်ပါတယ်။ ပြည်သူတွေက ငြိမ်းချမ်းရေးရဲ့ လေးနက်တဲ့ အဓိကကျမှု၊  အရေးပါမှုကို  လက်ခံသိမြင်ပြီး  လက်နက်ကိုင်တရားမဲ့  ပြုလုပ်မှု ဟူသမျှ  ဘယ်အုပ်စု၊ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် အားမပေး၊  မကူညီ၊ ဆန့်ကျင်ကြရင် အမြန်ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။ 
ဘာကြောင့်ပဲ   အကြောင်းပြပြ     ပြည်သူလူထုကူညီနေရင် လက်နက်ကိုင် ပဋိပက္ခတွေက တာရှည်နေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့  ခက်ခဲနေမှာ  ဖြစ်ပါတယ်။  ကြိုးကို မဖြုတ်ဘဲ လှေကို လှော်နေရင် လှေက ကမ်းက မခွာ၊ လှေသမားမောရုံသာရှိမှာ ဖြစ်ပါတယ်။ 
အရင်းစစ်တော့    အမြစ်မြေကဆိုသလို    နိုင်ငံတိုးတက်သင့် သလောက် မတိုးတက်ခဲ့တာ၊ စီးပွားရေးဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး ခဲ့တာ   အခြေခံကျတဲ့    အဓိကအချက်က   (ဝါဒရေး၊     လူမျိုးရေး၊ ကိုယ်ကျိုး) လက်နက်ကိုင် ဆူပူခြိမ်းခြောက်မှုတွေရဲ့ နှစ်ပေါင်းများစွာ  ဖိစီးမှုက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေး ရရှိသွားတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေက  မျက်စိအောက်မှာတင်  ဖွံ့ဖြိုးတိုးတက်သွားကြပါတယ်။  မလေးရှား နိုင်ငံလည်း ကွန်မြူနစ်သူပုန်တွေကို ရှင်းလင်းပြီးမှ ဖွံ့ဖြိုးမှုအရှိန်အဟုန်  ပိုကောင်းလာခဲ့တာ  ဖြစ်ပါတယ်။  ဆူဆူပူပူတိုက်ခိုက်နေကြရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ဒုက္ခအရောက်ဆုံးက ပြည်သူ တွေပါပဲ။  ပြည်သူတွေပဲ  မြေစာပင်၊ မွဲချာနိမ့်ကျ ခေတ်နောက်ကျ ကျန်ရစ်နေခဲ့ကြရတာ ဖြစ်ပါတယ်။ 
အနောက်နိုင်ငံအချို့အနေနဲ့   မြန်မာနိုင်ငံမှာ   မြန်မာပြည်သူ လူထုအကျိုးကို   အမှန်တကယ်   ဖော်ဆောင်ပေးနိုင်မယ့်  အစိုးရ၊ ငြိမ်းချမ်းရေးကို    ဖော်ဆောင်ပေးနိုင်မယ့်    အစိုးရဆိုတာမျိုးထက် သူတို့ကြိုးကိုင်ခြယ်လှယ်လို့ရမယ့် အစိုးရမျိုးတက်လာတာ၊ ရှိနေတာ ကိုပဲ လိုချင်မှာဖြစ်ပါတယ်။
စစ်ရေးနည်းအားဖြင့်  လက်နက်ကိုင်ပဋိပက္ခကို  မီးမွှေးခြင်းက  အဖျက်သက်သက် ရည်ရွယ်ချက်ဖြစ်ပါတယ်။ ပြတ်ပြတ်သားသား  ဆန့်ကျင်ကြမှ ပြည်သူတွေ အေးချမ်းလုံခြုံဘေးကင်းမှာ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုမှာ   ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်  နိုင်ငံရေးတည်ငြိမ်အေးချမ်းရမှာ ဖြစ်ပါတယ်။ 
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရား လေးပါးက   လူသားအားလုံးအတွက်   ငြိမ်းချမ်းမှုနဲ့    သဟဇာတ ဖြစ်ရေးကို ပေးစွမ်းနိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ အကောင်းဆုံး ဘဝနေနည်း လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ 
လက်ရှိနိုင်ငံတော်မှာ  ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေဟာ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေသာဖြစ်ပြီး ယမ်းငွေ့တွေအစား   နှင်းငွေ့တွေ  ဝေနေတဲ့  အေးချမ်းသာယာတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာဖို့ ဗြဟ္မစိုရ်တရားလေးပါးနဲ့  အညီ အကြောင်းအကျိုး တရားမျှတညီညွတ်တဲ့ ဆင်ခြင်တုံတရားနဲ့ ပကတိအရှိတရားကို  လက်ခံပြီး  အားလုံးနားလည်လက်တွဲနိုင်ကြ ပါစေလို့ ဆန္ဒပြုရေးသား တင်ပြလိုက်ရပါတယ်။          ။