
ဟနွိုင်း အောက်တိုဘာ ၁၉
ဗီယက်နမ်နိုင်ငံတွင် အောက်တိုဘာ ၁၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၃၀၂၇ ဦး ရှိကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်သူ ခုနစ်ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၃၀၂၄ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၈၇၀၂၅၅ ဦး အထိရှိလာပြီး စုစုပေါင်း ၂၁၃၄၄ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက် လက် သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုအများစုမှာ တောင်ပိုင်းဒေသများမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၉၀၇ ဦး၊ အနီးနားရှိ ဘင်ဒေါင်း ပြည်နယ်မှ ၅၀၀ နှင့် ဒွန်နိုင်းပြည်နယ်မှ ၃၇၁ ဦးတို့ဖြစ်ကြသည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူ ၇၉၄၈၄၆ ဦး ရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၆၅ သန်း နီးပါးရောက်ရှိလာပြီဖြစ်သည်။ အောက်တိုဘာ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၆၅၅၅၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဆင်ဟွာ