
ဟာဝိုင်အီ အောက်တိုဘာ ၂၀
အမေရိကန်နိုင်ငံပြည်မမှ ဟာဝိုင်အီပြည်နယ်သို့ လာရောက်လည်ပတ်မည့် ခရီးသည်များအား နိုဝင်ဘာ ၁ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဟာဝိုင်အီပြည်နယ်၌ ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်ခဲ့သဖြင့် ဟာဝိုင်အီ သို့ အရေးတကြီးမလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန် ဩဂုတ်လနှောင်းပိုင်းက ညွှန်ကြား ခဲ့ကြောင်း ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူး ဒေးဗစ်အိုင်ဂီက ပြောကြားသည်။
သို့ရာတွင် ပြီးခဲ့သော သီတင်းပတ်များအတွင်းမှ စတင်၍ ဟာဝိုင်အီပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကျဆင်းသွားခဲ့သဖြင့် နိုဝင်ဘာလမှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပြီးစီးသော ခရီးသည်များအား လာရောက်လည်ပတ် ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ပြည်နယ်အတွင်း လက်ရှိအချိန်၌ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကိုလည်း မြှင့်တင်ပြီး ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးအတွက် အရှိန်မြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဟာဝိုင်အီကျွန်းတွင်နေထိုင်သော ဒေသခံများ အနေဖြင့် နိုဝင်ဘာလနှောင်းပိုင်း၌ ကျရောက်မည့် ကျေးဇူးတော်နေ့ အားလပ်ရက်များနှင့် ဒီဇင်ဘာလ တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်ကာလအတွင်း ဟာဝိုင်အီကျွန်းသို့ အမေရိကန်နိုင်ငံပြည်မမှ ခရီးသည် အများအပြား လာရောက်လည်ပတ်မည်ဟု ခန့်မှန်း ထားသည်။
နိုဝင်ဘာ ၈ ရက်မှစတင်၍ နိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် နိုင်ငံခြားသားခရီးသွားများကို ဝင်ရောက်ခွင့်ပြုရန် အမေရိကန်အစိုးရက စီစဉ်ထားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- စိုးသူရ