မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ ဆက်ဆံရေးအခြေအနေများ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သီတင်းကျွတ်အခါသမယ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် “ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက်(၅)ခု ရရှိခဲ့ပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ကျွန်တော်တို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များနဲ့အညီ ဆောင်ရွက်သွား မယ်လို့ ဖော်ပြခဲ့ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက်(၅) ခုတွင် ပထမအချက်မှာ “မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ် ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်” သဘောတူထားခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါသဘောတူညီချက် ထွက်ပေါ်လာပြီးနောက်တွင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ် သည့် CRPH, NUG တို့၏ လှုံ့ဆော်မှု၊ EAO အချို့၏ ပါဝင်ပတ်သက် မှု၊ အားပေးမှုနှင့် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာသည်။ မြန်မာ့ပြည်တွင်း နိုင်ငံရေးအပေါ်တွင် မြန်မာပါဝင်သည့် ဒေသတွင်း နိုင်ငံများအဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံ၏ ရှုမြင်ပုံ၊ ချဉ်းကပ် ပုံတို့က ယခင်မရှိဖူးသေးသော၊ အစဉ်အလာကိုဖောက်ဖျက်ကျော် လွန်သော ပုံစံသစ်တစ်ခုဖြစ်လာခဲ့ရာ ယင်း၏နောက်ကွယ်တွင် တစ်စုံတစ်ရာ ဩဇာလွှမ်းမိုးမှုမရှိဟု ဆိုပါက ယုံကြည်နိုင်ဖွယ်မဟုတ် သည့် အနေအထားပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်နှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်း ဖြင့် ရယူရန် ကြိုးပမ်းသည့်ဖြစ်စဉ်တို့ကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ဝင်ရောက်ထိန်းသိမ်းခဲ့ရသည့်အချိန်နှင့် မရှေး မနှောင်းမှာပင် အမေရိကန်ပြည်ထောင်စု၏ အစိုးရသစ်က မြန်မာ့ အရေးကို ၎င်းတို့အဖို့ ပထမဆုံးရင်ဆိုင်ရသော အင်ဒိုပစိဖိတ်အရေး တစ်ခုအဖြစ် ရှုမြင်ခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် နှစ်ပေါင်း ၂၀ ကြာ၊ ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံကာ ကျားကန်ပေးထားခဲ့သည့် အာဖဂန်နစ္စတန်ကို ၎င်းတို့တစ်ချိန်က အကြမ်းဖက်သမားများအဖြစ် ပုံဖော်ထားခဲ့သည့် တာလီဘန်တို့ လက်ထဲသို့ ဝကွက်၍ ပြန်လည်အပ်နှံကာ အင်ဒိုပစိဖိတ်ရပ်ဝန်းဆီသို့ ဦးလှည့်လာခဲ့သည်။ ယင်းရပ်ဝန်း၏ အချက်အချာဖြစ်သည့် အာဆီယံ နိုင်ငံများသည်လည်းကောင်း၊ အာဆီယံနိုင်ငံများအသင်းသည် လည်းကောင်း အင်အားကြီးတို့၏ မဟာဗျူဟာအားပြိုင်ရာရပ်ဝန်း ဖြစ်လာခြင်းက အာဆီယံကိုအခြေခံမူများ၊ အစဉ်အလာများမှ သွေဖည်လာခဲ့စေခြင်းဖြစ်သည်။ နိုင်ငံရေးတွင် ထာဝရရန်သူ၊ ထာဝရ မိတ်ဆွေဟူ၍မရှိ။ ထာဝရအကျိုးစီးပွားသာရှိသည်ဟူသည့် အဆို အမိန့်တွင် အမှန်တရားသည်ပင် အကျိုးစီးပွားနှင့်ယှဉ်ပါက ပစ်ပယ် အပ်သည်ဟူ၍ ဖြည့်စွက်ရဖွယ်ရှိသည်။
အာဆီယံအသင်းသည် ကမ္ဘာ့အခြားသောဒေသတွင်းနိုင်ငံများ အသင်းအဖွဲ့များနှင့် လွန်စွာကွာခြားသည်။ အာဆီယံ ၁၀ နိုင်ငံမှာ အုပ်ချုပ်မှုပုံစံအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုးကွဲပြားခြားနားကြသလို ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှုများလည်း မတူညီကြ။ နိုင်ငံများ၏နောက်ခံဖြတ်သန်းမှုသမိုင်းစဉ်များနှင့် စီးပွား ရေးအဆင့်အတန်းများမှာလည်း မတူကွဲပြား၊ ကွာခြားကြသည်။ ယင်းသို့မတူကွဲပြားသည့် နိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှု စိတ်ဓာတ်ကသာ အဓိကဖြစ်သည့်အလျောက် လက်တွေ့ဘဝနှင့် ကိုက်ညီ အလုပ်ဖြစ်သည့် မူဝါဒများချမှတ်ကာ ယင်းမူဝါဒများနှင့်အညီ လိုက်လျှောက်ခဲ့ကြခြင်းဖြစ်သည်။ အင်အားကြီးတို့၏ ပယောဂကို အကြောင်းပြုကာ အာဆီယံ၏အခြေခံမူများကို လျစ်လျူရှုခြင်းက အသင်းအဖွဲ့ကို ကိုယ်စားမပြုသော နိုင်ငံအချို့၏ အကျိုးစီးပွားရှာဖွေမှု အဖြစ်သာ ရှုမြင်မိပါကြောင်း။ ။