
နှင်းမိုးအိမ်
ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံမှုများကို ကမ္ဘာတစ်ဝန်း ပြုလုပ်ပေးနေရာ အားကစားသမားများတွင်လည်း ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်မှုများကြောင့် အားကစားပွဲကြီးများတွင် ကာလအတန်ကြာ ပရိသတ်မပါဘဲ ကျင်းပခဲ့ရသည်။
အတည်ပြုပြောကြား
အင်္ဂလန်ပရီမီယာလိဂ် အားကစားသမား ၆၈ ရာခိုင်နှုန်းမှာ ကိုဗစ် -၁၉ ကာကွယ်ဆေးအပြည့် ထိုးပြီးပြီဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ဘောလုံးကလပ် အသင်း၂၀ မှ အပတ်စဉ် ကာကွယ်ဆေးထိုးပေးနိုင် မှုနှုန်းကို စာရင်းကောက်ယူထားကြောင်း အင်္ဂလန် ပရီမီယာလိဂ်မှ ပြောသည်။ ကိုဗစ် -၁၉ ကာကွယ် ဆေး အနည်းဆုံးတစ်ကြိမ် ထိုးပြီးသူအရေအတွက် မှာ ၈၁ ရာခိုင်နှုန်းရှိသည်ဟုလည်း ပရီမီယာလိဂ် မှ အတည်ပြုပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးရန် တိုက်တွန်း
ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးပြီးသူမှာ ၆၈ ရာခိုင်နှုန်းရှိသည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့သည်။ ဘောလုံးကလပ်အသင်းကြီး ခုနစ်ခုတွင် အသင်းသား ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေး ထိုးပြီးပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများတွင် ဖော်ပြ ကြသည်။ ပရီမီယာလိဂ် အားကစားသမားများနှင့် အသင်းဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံကြရန် လည်း ပရီမီယာလိဂ်မှ တိုက်တွန်းထားသည်။
ပြင်းပြင်းထန်ထန်ဝေဖန်
စက်တင်ဘာလအတွင်း အင်္ဂလန်ထိပ်တန်း အသင်းမှ အားကစားသမား ၃၀ မှ ၃၅ ရာခိုင်နှုန်း အထိသာ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးရသေး သည်ဟု ဒေးလီးမေလ် သတင်းစာတွင် ဖော်ပြခဲ့ပြီး နောက် ကျန်းမာရေးအရ အန္တရာယ်များမှုကို လျှော့ချ ရန် ပျက်ကွက်သည့် တစ်ကိုယ်ကောင်းဆန်သည့် အားကစားသမားများဟု ဂျာနယ်လစ်တစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ကလပ်အသင်းများ အနေဖြင့် ၎င်းတို့၏ အားကစားသမားများ ကာကွယ်ဆေးထိုးနှံရန် အမိန့်ပေးသင့်သည်ဟု လည်း ပြောကြားခဲ့သည်။
ကာကွယ်ဆေးမထိုးရသေးလျှင်
ပါဝင်ယှဉ်ပြိုင်ရမည်မဟုတ်
ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် တွင် ကာကွယ်ဆေးနှစ်ကြိမ်စလုံး မထိုးရသေး သည့် အားကစားသမားများ အဓိက အားကစား ပွဲကြီးများတွင် ပါဝင်ယှဉ်ပြိုင်ကစားခွင့်ပြုမည်မဟုတ်ဟု အမိန့်ထုတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် ဩစတြေးလျအိုးပင်း တင်းနစ်အားကစားပြိုင်ပွဲ အပါအဝင် အခြားသော ပြိုင်ပွဲကြီးများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင် သွားမည်ဟု ကြေညာခဲ့သည်။
ကာကွယ်ဆေးထိုးပြီးရန် လိုအပ်
အောက်တိုဘာ ၂၀ ရက်တွင် ဒေသခံအေဘီစီ သတင်းဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဲလစ်ဟော့ခ် တို့ အင်တာဗျူးတွင် ပြည်နယ်မှထုတ်ပြန်ထားသည့်အမိန့်ကို အတည်ပြုခဲ့သည်။ အစိုးရက နယ်စပ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်လျက်ရှိရာ ဩစတြေးလျသို့ လာလည် မည့်သူများ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံရန် လိုအပ် သည်ဟု ၎င်းက ပြောကြားခဲ့သည်။ တင်းနစ် အားကစားသမားများအတွက်သာ ရည်ရွယ်၍ ယခုလို စည်းကမ်းထုတ်ပြန်ထားခြင်း မဟုတ်ဘဲ ဩစတြေးလျနိုင်ငံသို့ လာရောက်မည့်သူတိုင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားဖြစ်ရန် လိုအပ် သည်ဟု ပြောကြားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လူတိုင်းတွင်ကူးစက်နိုင်
မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ခြွင်းချက် ပေးသွားမည်မဟုတ်ကြောင်းကိုလည်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးက ပြောသည်။ ဗိုင်းရပ်စ်ကူးစက်မှုမှာ တင်းနစ်ရိုက်ရာ တွင် မည်မျှတော်သည် မတော်သည်ကို ခွဲခြားမည် မဟုတ်ဘဲ လူတိုင်းတွင် ကူးစက်နိုင်ကြောင်း ၊ ဂရန်း ဆလန်ဆု ဘယ်နှကြိမ်ပင် ရခဲ့ရခဲ့ ကိုဗစ် -၁၉ ကူးစက်နိုင်ခြေရှိသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ မိမိကိုယ်တိုင် လုံခြုံစိတ်ချရ စေရေးနှင့် အခြားသူများ လုံခြုံစိတ်ချရစေရေး အတွက် ကာကွယ်ဆေးထိုးထားရန် လိုအပ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် က ပြောသည်။
ငြင်းဆိုထား
ကာကွယ်ဆေးထိုးနှံရန် ညွှန်ကြားမှုကို ဆန့်ကျင် သည့်အထဲတွင် နာမည်ကြီးအားကစားသမားမှာ ဆားဘီးယားမှ ကမ္ဘာ့အဆင့်နံပါတ် ၁ တင်းနစ် အားကစားသမား နိုဗက်ဂျိုကိုဗစ်ဖြစ်ပြီး ၎င်း ကာကွယ်ဆေးထိုးနှံမှုအခြေအနေနှင့် ပတ်သက်၍ ပြောကြားရန် ငြင်းဆိုထားသူလည်းဖြစ်သည်။ ၎င်း အနေဖြင့် ကာကွယ်ဆေးထိုးပြီးခြင်းရှိ မရှိကို ဖော်ပြ သွားမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။ ကာကွယ်ဆေးထိုးနှံသည့်ကိစ္စမှာ ပုဂ္ဂိုလ်ရေးရာ ဖြစ်ပြီး လူသိရှင်ကြားပြောကြားရန် မလိုအပ်ဟု လည်း ၎င်းက ပြောသည်။
ဂရန်းဆလန်းပွဲနှင့် လွဲချော်မည့်ဟန်ရှိ
ဩစတြေးလျနိုင်ငံက တင်းနစ်အားကစား သမားများ ကာကွယ်ဆေးနှစ်ကြိမ်ထိုးရန် လိုအပ်သည်ဟု ကြေညာထားရာ ဂျိုကိုဗစ် အတွက် ဂရန်းဆလန်းပွဲနှင့် လွဲချော်မည့်ဟန်ရှိသည်။ ယခု လအတွင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် သည် ပြည်တွင်းအားကစားသမားများအားလုံး အောက်တိုဘာ ၁၅ ရက်တွင် ပထမအကြိမ်ကာကွယ် ဆေးနှင့် နိုဝင်ဘာ ၂၆ ရက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည်ဟု ကြေညာထားသည်။
မှတ်တိုင်စိုက်ထူနိုင်
ထိုစဉ် ဩစတြေးလျနိုင်ငံ၏ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးမှုမှာ အရွယ်ရောက်ပြီး သူများတွင် ၇၀ ရာခိုင်နှုန်းထိုးနှံပေးပြီး မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။ အသက် ၁၆ နှစ်နှင့်အထက် ၇၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ဩစတြေးလျကျန်းမာရေးဝန်ကြီး ဂရက်ဟန့် က ပြောသည်။ ယင်းအခြေအနေကို ကြည့်လျှင် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ချမှတ် ထားသည့် လမ်းပြမြေပုံအတိုင်း တစ်နိုင်ငံလုံးအနှံ့ ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နိုင်သည်ကို တွေ့ရှိရသည်။
တတိယအကြိမ်ကာကွယ်ဆေး
ထိုးပေးနိုင်တော့မည်
ဩစတြေးလျတွင် အသက် ၁၆နှစ်နှင့်အထက် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသည့်ပမာဏမှာ ၇၀ ရာခိုင်နှုန်းကျော်လွန်လာပြီဟု အတည်ပြုနိုင် ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။ ယခု ကာကွယ်ဆေးထိုးပေးနိုင်သည့် အရေအတွက်မှာ အမှတ်တရဖြစ်နေရမည့် အရေအတွက်ဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း ဩစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင် ပြောကြားထားသည့်အတိုင်း တစ်နိုင်ငံလုံးအနှံ့ ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ တတိယ အကြိမ် ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် လည်း အစပြုနိုင်တော့မည်ဖြစ်သည်။ သက်ကြီး ရွယ်အိုများကို ဦးစားပေးအစီအစဉ်ဖြင့် တတိယ အကြိမ် ကာကွယ်ဆေးထိုးနှံမှု စတင်နိုင်တော့ မည်ဖြစ်သည်။
ကိုးကား -ဆင်ဟွာ