
ဝယ်လင်တန် အောက်တိုဘာ ၂၁
နယူးဇီလန်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၂ ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့ရာ အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၂၂၆၀ ရှိလာ ကြောင်း နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။
ယနေ့ စစ်ဆေးတွေ့ရှိခဲ့သည့် ဒယ်လ်တာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၂ ဦးအနက် ၉၄ ဦးကို နိုင်ငံ၏အကြီးမားဆုံး အောက်လန်းမြို့တွင် စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်ရှစ်ဦး ကို အောက်လန်းမြို့အနီး ဝိုင်ကာတိုခရိုင်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အာရှ်လီဘလွမ်းဖီးလ်ဒ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
လတ်တလောအချိန်တွင် နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသော လူနာ ၄၆ ဦးရှိပြီး ၎င်းတို့အနက် ရောဂါပြင်းထန် သည့်လူနာ ခုနစ်ဦးကို အထူးကြပ်မတ်ကုဌာနတွင် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း ဘလွမ်းဖီးလ်ဒ် က ပြောကြားသည်။
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၉၅၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များအရ သိရသည်။
မကြာသေးမီက ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒါန်း ၏ ပြောကြားချက်အရ နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်သေးသည့်အတွက် အောက်လန်းမြို့နှင့် ဝိုင်ကာတိုခရိုင်ရှိ ဒေသအစိတ်အပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက်အဆင့်-၃ ကို သီတင်းပတ်နှစ်ပတ်ကြာ ဆက်လက်ထားရှိမည် ဖြစ်ပြီး ကျန်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက်အဆင့်-၂ ကို ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ