
လန်ဒန် အောက်တိုဘာ ၂၁
ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၀၀ အထိ မြင့်တက်လာသည်မှာ ရှစ်ရက်ဆက်တိုက်ရှိပြီဖြစ်သည်။
နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူများ မြင့်တက်လျက်ရှိခြင်းကြောင့် ကျန်းမာရေး စည်းမျဉ်းများ ထပ်မံတင်းကျပ်စွာ ချမှတ်ရန် လိုအပ်လျက်ရှိသော်လည်း ဗြိတိန်အစိုးရ က လက်ရှိအချိန်အထိ စည်းမျဉ်းများ ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၄၉၁၃၉ ဦး ထပ်မံစစ်ဆေး တွေ့ရှိခြင်းကြောင့် အခြားသော ဥရောပနိုင်ငံများထက်ပင် ရောဂါကူးစက်မှုအရေအတွက် ပိုမိုများပြားလျက်ရှိသည်။
လူဦးရေအများဆုံးနေထိုင်သည့် အင်္ဂလန်၌ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအားလုံးနီးပါးကို ပြန်လည်ဖြေလျှော့ပြီးဖြစ်သည်။
သို့သော် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာသည့်အတွက် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဖိအားပေးလျက်ရှိသည်။
ကျန်းမာရေးအာဏာပိုင်များကလည်း အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သော ကျန်းမာရေးစည်းမျဉ်းများ ချမှတ်သင့်ကြောင်း တောင်းဆိုလျက်ရှိသည်။ အများပြည်သူ နှင့်သက်ဆိုင်သည့်နေရာများ၌ နှာခေါင်းစည်းများဝတ်ဆင်ခြင်းနှင့် နေအိမ်မှ အလုပ် တာဝန်များ လုပ်ဆောင်ခြင်းစသည့် စည်းမျဉ်းများကို မဖြစ်မနေ ထုတ်ပြန်ကြေညာ သင့်ကြောင်း ၎င်းတို့က ဆိုသည်။
ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က နိုင်ငံအတွင်းရောဂါကူးစက်မှု အခြေအနေ များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းနှင့် ဗိုင်းရပ်စ်ကာကွယ်ရေးအစီအစဉ် (ဘီ)ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။
လက်ရှိတွင် ရောဂါကူးစက်မှုအရေအတွက် မြင့်တက်လျက်ရှိသော်လည်း အဆိုပါ ရောဂါကြောင့် သေဆုံးသူနှင့် ရောဂါပြင်းထန်စွာခံစားရသူအရေအတွက် မြင့်တက်လာ ခြင်းမရှိသေးကြောင်း ဝန်ကြီး ဂျာဗစ်က ဆိုသည်။
ထို့ပြင် ကာကွယ်ဆေးအပိုထပ်ဆောင်းထိုးနှံမှုခံယူကြရန် ပြည်သူများအား ဝန်ကြီးဂျာဗစ်က တိုက်တွန်းပြောကြားသည်။
ဆောင်းဦးရာသီဝင်ရောက်လာသည့်အတွက် ရောဂါကူးစက်မှုနေ့စဉ်အရေအတွက် တစ်သိန်းအထိ မြင့်တက်လာနိုင်ကြောင်း ဝန်ကြီးဂျာဗစ်က ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်