
နှင်းမိုးအိမ်
အာရှတိုက်သည် ၂၀၂၀ ပြည့်နှစ်တွင် အပူဆုံးနှစ်အဖြစ် အပူဒဏ်ခံစားခဲ့ရကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သော ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ COP26 ထိပ်သီးညီလာခံ မကျင်းပမီ ကုလသမဂ္ဂက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
အဟန့်အတားဖြစ်စေခဲ့
အပူဒဏ်ပြင်းထန်မှုသည် အာရှတိုက်၏ ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။ အာရှ ရာသီဥတုဖော်ပြချက်သည် နှစ်စဉ်ဖော်ပြနေကျ ရာသီဥတုဆိုင်ရာ အစီရင်ခံစာဖြစ်ပြီး အာရှတိုက် အစိတ်အပိုင်းအနှံ့တွင် အပူဒဏ်ကို ခံစားခဲ့ရသည်ဟု ကုလသမဂ္ဂ မိုးလေဝသအဖွဲ့အစည်းက ပြောသည်။ ၂၀၂၀ ပြည့်နှစ် အာရှတစ်လွှား ပူပြင်းသည့် ရာသီ ဥတုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် လူထောင် ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
ခြိမ်းခြောက်ခံနေရ
လူပေါင်းသန်းနှင့်ချီ၍ နေရပ်ရွှေ့ပြောင်းမှုများဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျခဲ့ရ သည်။ အခြေခံအဆောက်အအုံနှင့် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်းက ပြောသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမှာ ခြိမ်းခြောက်ခံနေရ သည်။ အစားအသောက်နှင့် ရေမလုံလောက်မှုများ၊ ကျန်းမာရေးဆိုင်ရာထိခိုက်မှုများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများလည်း မြင့်မားလာသည်။
ဆုံးရှုံးမှုများကိုတွက်ချက်ပြထား
ဂလက်စကိုမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုညီလာခံကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ ယင်းအစည်းအဝေးမတိုင်မီ ယခုလို အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရာသီဥတုနှင့်ဆက်နွှယ်သည့် ဘေးအန္တရာယ်များ ကြောင့် နှစ်စဉ်ဆုံးရှုံးမှုများကို တွက်ချက်ပြထား သည်။ တရုတ်နိုင်ငံသည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂၃၈ ဘီလီယံ ထိခိုက်ခံစားခဲ့ရပြီး ယင်းနောက်တွင် အိန္ဒိယနိုင်ငံက ၈၇ ဘီလီယံ၊ ဂျပန်နိုင်ငံက ၈၃ ဘီလီယံနှင့် တောင်ကိုရီးယားက ၂၄ ဘီလီယံ ထိခိုက်ခံစားခဲ့ရသည်။
အလုပ်ချိန်ဆုံးရှုံးမှုများဖြစ်ပေါ်
နိုင်ငံစီးပွားရေး အရွယ်အစားမှာလည်း ထည့်သွင်းစဉ်းစားရသည့် အချက်ပင်ဖြစ်သည်။ နှစ်စဉ်ပျမ်းမျှဆုံးရှုံးမှုမှာ တာဂျစ်ကစ္စတန်တွင် တိုင်းပြည်ဂျီဒီပီ၏ ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ကမ္ဘော ဒီးယားတွင် ဂျီဒီပီ၏ ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် လာအိုတွင် ဂျီဒီပီ၏ ၅ ဒသမ ၈ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိ သည်။
အာရှတိုက်တစ်လွှား အပူနှင့်စိုထိုင်းဆများလာ သည့်အခါ အိမ်အပြင်ထွက်၍ လုပ်ကိုင်ရသည့် အလုပ်ချိန်များ ဆုံးရှုံးမှုဖြစ်ပေါ်လာမည်ဟု ခန့်မှန်း ထားသည်။ ဒေါ်လာဘီလီယံနှင့်ချီ၍ ဆုံးရှုံးနစ်နာမှု များ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထင်ရှားသည့်အကျိုးဆက်များဖြစ်
ရေကြီးမှု၊ မုန်တိုင်းနှင့် မိုးခေါင်မှုတို့ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို နိုင်ငံအများအပြား တွင်ကြုံတွေ့လာရခြင်းမှာ သိသာထင်ရှားသည့်အကျိုးဆက်များဖြစ်သည်ဟု ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်းမှ အကြီးအကဲဖြစ်သူ ပက်တရီ တာလက်စ်က ပြောသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို သိသာထင်ရှားစွာထိခိုက်မှုဖြစ်စေသည်။ အာရှတွင် ရာသီဥတုနှင့် ဆက်နွှယ်ကာ ရွှေ့ပြောင်း နေထိုင်ကြရ မှုများမှာလည်း ကာလရှည်ကြာနေပြီဖြစ်သည်။ လူများနေရပ်မပြန်နိုင်မှုများမှာလည်း ကာလရှည် ကြာဖြစ်ပွားနေသည့်ကိစ္စဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကြိုတင်သတိပေးမှုစနစ်၏ အောင်မြင်မှု
၂၀၂၀ ပြည့်နှစ်တွင် ရေကြီးမှုနှင့် မုန်တိုင်းများ ကြောင့် လူပေါင်း သန်း ၅၀ မှာ ထိခိုက်ခံစားရပြီး လူပေါင်း ၅၀၀၀ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါအရေအတွက်မှာ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုစာကာလအတွင်း ထိခိုက်ခံစားရမှုများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းသည်။ အာရှနိုင်ငံအများ အပြားရှိ ကြိုတင်သတိပေးမှုစနစ်၏ အောင်မြင်မှု ပင် ဖြစ်သည်။ လူ ၁၀ ဦးလျှင် ခုနစ်ဦးကို အကာ အကွယ်ပေးနိုင်ခဲ့သည်။
သုံးဆပို၍ ပူနွေး
၂၀၂၀ ပြည့်နှစ်တွင် ပျမ်းမျှပင်လယ်ရေမျက်နှာ ပြင်အပူချိန်မှာ အိန္ဒိယ၊ ပစိဖိတ်နှင့် အာတိတ် သမုဒ္ဒရာတို့တွင် စံချိန်တင်မြင့်မားနေသည်။ အာရှ တိုက်ဝန်းကျင်တွင် ပင်လယ်ရေမျက်နှာပြင်အပူချိန် နှင့် သမုဒ္ဒရာ ပူနွေးမှုတို့သည် တစ်ကမ္ဘာလုံးပျမ်းမျှ ပမာဏနှင့် နှိုင်းယှဉ်လျှင် များပြားနေသည်။ အာတိတ်သမုဒ္ဒရာ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အာရေဗီယန် ပင်လယ်ပြင် ပျမ်းမျှအပူချိန်ထက် သုံးဆ ပို၍ပူနွေးနေသည်။ ၁၉၇၉ ခုနှစ်မှစတင်၍ ကောက်ယူလာသည့် ဂြိုဟ်တုမှတ်တမ်းများအရ အာတိတ်ပင်လယ်ရေခဲပြင် အနိမ့်ဆုံး အတိုင်းအတာ မှာ ၂၀၂၀ ပြည့်နှစ်တွင် ဒုတိယအနိမ့်ဆုံးပင်ဖြစ်သည်။
အန္တရာယ်များပြားခဲ့
၂၀၂၁ ခုနှစ်တွင်လည်း အပူချိန်မြင့်မားမှုကြောင့် အပြင်ထွက်အလုပ်လုပ်ကိုင်ရသည့် ကာယလုပ်သား များနှင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များတွင် အန္တရာယ်များပြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ အတွင်းက စင်ကာပူနိုင်ငံသည် ၁၄ ရက်ကြာ အပူချိန်မြင့်မားမှုနှင့် ကြုံတွေ့ရသည်။ အပူချိန်မှာ ၃၄ ဒီဂရီ ဆဲလ်စီးရပ်စ်ရှိသည်။ ကျွန်း၏တောင်ပိုင်း နှင့် အရှေ့တောင်ပိုင်းတို့တွင် အပူချိန်မြင့်မားသည့် ညတာများနှင့် ကြုံတွေ့ခဲ့ရသည်။ အနိမ့်ဆုံး အပူချိန် မှာ ၂၈ ဒီဂရီဆဲလ်စီးရပ်စ်ရှိသည်။
အခက်ခဲဆုံးအလုပ်
ထိုအချိန်အခက်ခဲဆုံးအလုပ်မှာ နေပူထဲတွင် ထွက်ကာ အလုပ်လုပ်ကိုင်ရခြင်းပင် ဖြစ်သည်။ နေအပူချိန်အောက်တွင် အလုပ်လုပ်ကိုင်လျှင် လွန်စွာမောပန်းခြင်းကို ခံစားရမည်ဖြစ်ပြီး ကိုယ်ခန္ဓာမှာလည်း ချွေးများဖြင့် ဖုံးလွှမ်းနေမည်ဖြစ် သည်။ မျက်စိနာကျင်မှုများဖြစ်ပေါ်မည်ဟု မြေယာ ပြုပြင်ရေး လုပ်သားတစ်ဦးက ပြောသည်။
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်
ဖန်လုံအိမ်ဓာတ်ငွေ့ပါဝင်မှုနှုန်းမှာလည်း ၂၀၂၀ ပြည့်နှစ်တွင် စံချိန်တင်မြင့်မားခဲ့သည်ဟု ကုလ သမဂ္ဂ ရာသီဥတုအေဂျင်စီ၏ လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ အကယ်၍ ကမ္ဘာကြီးဆက်လက် ပူနွေးနေပါက မိုးခေါင်မှုနှင့် ရေကြီးမှုတို့ကဲ့သို့သော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။ ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချနိုင်ရေး ကာလရှည်စီမံချက် များဖြင့် ပြုလုပ်သင့်သည်ဟုလည်း ပြောကြား ခဲ့သည်။ ။
ကိုးကား - အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ