
လင်းဟန်သစ်
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ အကျဘက်ကို ပြနေတဲ့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အိန္ဒိယရဲ့ကြိုးပမ်းမှုဟာ အရာထင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သို့သော်လည်း ကိုဗစ်-၁၉ တတိယအကျော့ရဲ့ ခြိမ်းခြောက်မှုကတော့ အခုချိန်ထိ တဝဲလည်လည်နဲ့ မလွတ်မြောက်နိုင်သေးပါဘူး။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်း
အိန္ဒိယနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို လိုက်နာလုပ်ဆောင်သလို နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ကို အုံနဲ့ကျင်းနဲ့ ဆက်လက် လုပ်ဆောင်နေတဲ့အတွက် လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကျဆင်းလာတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေက ယူဆထားကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာတဲ့နှုန်းဟာ မကြာသေးမီက ၉၈ ဒသမ ၁၉ ရာခိုင်နှုန်းအထိ တိုးလာ ခဲ့ပါတယ်။
လက်ရှိမှာတော့ ကိုဗစ်-၁၉ လူနာပေါင်း ၃၃၅၈၃၃၁၈ ဦးကို ကုသပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တတိယအကျော့ကူးစက်ဖြစ်ပွားနိုင်တဲ့ အရိပ်အငွေ့တွေ သန်းလျက်ရှိ
လွန်ခဲ့တဲ့ ၃၂ ရက်အတွင်း အပတ်စဉ် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူအရေအတွက်ဟာ ၂ ရာခိုင်နှုန်း (၁ ဒသမ ၂၄ ရာခိုင် နှုန်း) အောက် လျော့နည်းခဲ့ပါတယ်။ ထို့အတူ လွန်ခဲ့တဲ့ ၂၂ ရက်အတွင်း နေ့စဉ် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူ အရေအတွက်ဟာ ၂ ရာခိုင်နှုန်း (၁ ဒသမ ၁၀ ရာခိုင်နှုန်း) အောက်လျော့နည်းကျဆင်းခဲ့ တယ်လို့ တရားဝင်စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာသော်လည်း ကိုဗစ်-၁၉ တတိယအကျော့ကူးစက်ဖြစ်ပွားနိုင်တဲ့ အရိပ်အငွေ့တွေ သန်းလျက်ရှိ ပါတယ်။
အစွမ်းကုန်ကြိုးစားရုန်းကန်ခဲ့ရ
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယအကျော့ဖြစ်ပွားနေချိန်မှာ နိုင်ငံအတွင်းမှာရှိတဲ့ ဆေးရုံတွေမှာလူနာတွေ ပြည့်လျှံကျော်လွန်နေ တာကို တွေ့မြင်ခဲ့ရပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေဟာ အောက်ဆီဂျင်ရရှိရေးနဲ့ အသက်ကယ်ဆေးဝါးတွေရရှိရေး အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။
ဆေးရုံတက်ရောက်ကုသမှုခံယူဖို့အရေး ဆေးရုံတွေရဲ့ အပြင်ဘက် မှာ လူပင်လယ်တန်းကြီးတွေနဲ့ စောင့်ဆိုင်းနေရသလို ကိုဗစ်-၁၉ လူနာတွေလည်း သေမင်းနဲ့စစ်ခင်းနေရကာ နောက်ဆုံးထွက်သက်ကို မနည်းရှူရှိုက်နေရတဲ့ အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အလောင်း တွေကို အိတ်တွေစွပ်ပြီးမီးရှို့ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရသလို ရေပေါ် မှာ ပေါလောပေါ်နေတဲ့ အလောင်းတွေက အကျည်းတန်ရုပ်ဆိုးမှုတွေ ဖြစ်ခဲ့ရပါတယ်။
သမိုင်းမှတ်တိုင်စိုက်ထူခဲ့
လွန်ခဲ့တဲ့သီတင်းပတ်က အိန္ဒိယဟာ သူ့ရဲ့ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ဘီလီယံထိုးပေးခဲ့ပြီး သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါ တယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ကို အိန္ဒိယနိုင်ငံမှာ ဒီနှစ် ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့ပါတယ်။ သို့သော်လည်း ယခုအချိန်အထိ နိုင်ငံတွင်းမှာရှိတဲ့ အရွက်ရောက်လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းကျော်ပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံမှု ခံယူရပါသေးတယ်။
Our World in Data ကဲ့သို့ လွတ်လပ်တဲ့သတင်းအရင်းအမြစ်တွေက ရရှိခဲ့တဲ့ အချက်အလက်တွေအရ လူဦးရေ ၃၀၄ သန်းကျော်ပဲ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးရသေးတယ်လို့ သိရပြီး ဒါဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၂၂ ဒသမ ၁ ရာခိုင်နှုန်းကျော်ပဲ ရှိပါသေး တယ်။
လူဦးရေရဲ့ ၃၆ ရာခိုင်နှုန်းပဲ ထိုးပေးနိုင်ဦးမယ်
ဒီနှစ်ကုန်မှာ အိန္ဒိယအစိုးရဟာ အသက် ၁၈ နှစ်နှင့်အထက် သူ့ရဲ့ ပြည်သူတစ်ရပ်လုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်း ထားပါတယ်။
သို့သော်လည်း ဒီနှစ်ကုန်မှာ အိန္ဒိယလူဦးရေရဲ့ ၃၆ ရာခိုင်နှုန်းပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးဖြစ်မယ်လို့ ကျွမ်းကျင်သူ တွေက ပြောထားပါတယ်။
ကိုဗစ်-၁၉ အဆုံးမသတ်သေး
ကျန်းမာရေးကျွမ်းကျင်သူတွေက ပြည်သူတွေကို ပွဲတော်ရာသီမှာ လူထုစုဝေးခြင်းတွေမလုပ်ဘဲ ရှောင်ရှားဖို့ သတိပေးထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကျဆင်းလာတာက ကိုဗစ်-၁၉ ကပ် ရောဂါ အဆုံးသတ်သွားတာ မဟုတ်ဘူးဆိုတဲ့အချက်ကို ကျွမ်းကျင်သူ တွေက လက်ခံထားပါတယ်။
အရွယ်ရောက်သူတွေကို ကာကွယ်ဆေး လွှမ်းခြုံထိုးပေးထား တဲ့အတွက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ အတန်ငယ်လျှော့ချနိုင် လာပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေက တော့ အဓိက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်လာ နိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားပါ တယ်။
စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ်
ကိုဗစ်-၁၉ ကျွမ်းကျင်မှုရေးရာ ကော်မတီက ဘာရတ်ဘိုင်အိုတက် ရဲ့ ကိုဗစ်-၁၉ ဆေးဖြစ်တဲ့ ကိုဗက်ဆင်းကို အသက် ၂ နှစ်မှ ၁၈ နှစ် ကြား အသက်အရွယ်အုပ်စုကို ထိုးပေးဖို့ အကြံပြုချက်ကို အိန္ဒိယက ပယ်ချခဲ့ပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးထိန်းချုပ် ကွပ်ကဲရေးအဖွဲ့ကလည်း နောက်ဆုံးထောက်ခံချက်လည်း မပေးသေး ပါဘူး။
ဒီပုံအတိုင်းဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုတွေ တစ်ကျော့ပြန်ဖြစ်ပွားနိုင်တဲ့ အရိပ်အခြည်တွေတွေ့နေရပြီး ကိုဗစ်-၁၉ တတိယအကျော့ရဲ့ ခြိမ်းခြောက်မှုကိုလည်း စိုးတထိတ်ထိတ် နဲ့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ ။
ကိုးကား - ဆင်ဟွာ