မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာ ခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၃ ဒသမ ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားရာ ရည်မှန်းထားသည့် ပိုးတွေ့ရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သုံးရာခိုင်နှုန်းအောက်ရောက်ရှိလာလျှင် စိတ်ချရသော အနေအထားဖြစ်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။
ယခုအခါ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာပြီဖြစ်၍ လက်ရှိအခြေအနေအရ ခြွင်းချက်ပြုဖော်ပြထားသောကိစ္စများမှအပ လူ ၅၀ အစား လူ ၁၀၀ ထက်ပို၍ စုဝေးခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ်ထုတ်ပြန်လိုက်ရာ ယခု လူ ၁၀၀ အထိ စုဝေးခွင့်ရလာပြီဖြစ်သည်။ ထို့ကြောင့် ရပ်တန့်ထားရသည့် ပညာရေးယန္တရား၊ ကုန်ထုတ်လုပ်မှုယန္တရားများနှင့် အကန့်အသတ်ဖြင့် ခွင့်ပြုထား ရသည့် သယ်ယူပို့ဆောင်ရေးယန္တရားများ ပြန်လည်ဆောင်ရွက်ရေး စဉ်းစားဆောင် ရွက်ရန် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အသိပေးပြောကြားထားသည်။
လက်ရှိအချိန်တွင် ကာကွယ်ဆေးဝယ်ယူထားမှုများ အဆက်မပြတ် ရောက်ရှိ လျက်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၃၅ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ထပ်မံချိတ်ဆက်ဝယ်ယူ ရန် စီစဉ်လျက်ရှိသည်။ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူလူငယ် အရွယ်များကိုလည်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ထားပြီးဖြစ်၍ အများပြည်သူအကျိုးစီးပွားကိုဦးစားပေးကာ ပြုလုပ်သင့်သည်များကို စတင် ပြုလုပ်နေပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့် ယနေ့ နိုဝင် ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ နယ်စပ်ဒေသရှိ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ်များအားလုံးရှိစာသင်ကျောင်း များ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်) တို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ သို့ပါ၍ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာသင်ကြားခွင့် အခွင့်အလမ်းများ စတင်ပြန်လည်ပွင့်လန်းလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းသား ကျောင်းသူလေးများ ပညာရေးနှင့်အလှမ်းဝေးနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယခုအခြေအနေကောင်းများကို အမိအရအသုံးချ၍ ပညာရည်တိုးတက်ရေးကို ကြိုးစားကြရတော့မည်ဖြစ်သည်။
နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ နိုင်ငံသားများ၏ ပညာ ရည်မြင့်မားရေးသည် အလွန်အရေးကြီးသကဲ့သို့ အနာဂတ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရသည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာ အရေးကြီးသည်။ ထို့ကြောင့် ပညာရေးဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို ပြန်လည်ဖွင့်လှစ်လေ့ကျင့်ပေးနေပြီဖြစ်သည်။ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများအား ပညာလည်းသင်၊ စာရိတ္တအရည်အသွေးကိုလည်း မြှင့်တင်ပေးရ သူများဖြစ်သည်။ ဆရာ ဆရာမများ၏ အတွေးအခေါ်၊ ပညာအရည်အသွေးမြင့်မား မှသာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းမြင့်မားသည့် တပည့်ကောင်းများကို မွေးထုတ်ပေး နိုင်မည်ဖြစ်သည်။ တပည့်ကောင်းမျိုးဆက်သစ်များသည် အနာဂတ်တွင် တိုင်းပြည် ၏ကဏ္ဍအသီးသီး၌ ဦးစီးဦးဆောင်ပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်။ တိုင်းပြည်ကို တည်ဆောက်သူများဖြစ်လာမည်။
ဆက်လက်၍ အဆင့်မြင့်ပညာရေးကိုလည်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။ တိုင်းပြည်အနာဂတ်ကို ရည်မျှော်လျက် တိုင်းပြည်တိုးတက်ရေးအတွက် လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အထူးဦးစားပေးအလေးထားဆောင် ရွက်ပေးနေသည်ကို တွေ့ရသည်။ ပညာရေးဘက်တွင်လည်း ကျန်းမာရေးကဏ္ဍက ကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ ပျက်သုဉ်းမှုများရှိခဲ့ရာ ဆရာ ဆရာမအသစ်များ တိုးမြှင့်ခန့် ထားပြီး ဆရာအရည်အသွေးမြင့်မားရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံရေး၊ စာသင်ကျောင်းများအား ပိုးသတ်ဆေးဖျန်းရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ကလေးငယ်များ အမှန်တကယ် ပညာရည်ပြည့်ဝတတ်မြောက်ရေးတို့ကို ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။