စားသမျှ အာဟာရပြည့်ဝရေး

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့သည့်  (၉) လပြည့် မိန့်ခွန်းတစ်နေရာတွင် ပြည်သူ များ စားသုံးမှုပုံစံပြောင်းလဲရေးအတွက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။ စားနပ်ရိက္ခာ ထုတ်လုပ်သည့် နိုင်ငံမှ နိုင်ငံသူနိုင်ငံသား ပြည်သူများဖြစ်ပါလျက် မိရိုးဖလာစားသုံးမှုပုံစံကြောင့်      အာဟာရရရှိမှုနည်းပါးပြီး   ကျန်းမာရေးချို့တဲ့မှုများ   လျော့နည်းပပျောက်ရေးအတွက်    တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင်    မြန်မာတို့က   ဆန်နှင့်ဆီ စားသုံးမှုအများဆုံး  လူမျိုးဖြစ်သည်ဟု   မှတ်သားရဖူးသည်။ အမှန်တကယ်အားဖြင့်လည်း   ဆန်နှင့်ဆီသည်  မြန်မာတို့၏ အခြေခံအကျဆုံး   အစားအစာများဖြစ်ပြီး  ၎င်းနှစ်မျိုးရှိလျှင် ထမင်းစား၍ ရနေပြီဖြစ်သည်။ ထမင်းသည် အင်အားဖြစ်စေသည့်  အစာအုပ်စုတွင် ပါဝင်ပြီး ကစီဓာတ်ကြွယ်ဝသည့် အစားအစာ ဖြစ်သည်။ စပါးကိုကြိတ်ခွဲရာမှ  ရရှိလာသည့်  ဆန်လုံးညို၏ အပေါ်ယံတွင် ဗီတာမင်ဘီဝမ်း ပါရှိသော်လည်း ဆန်ကို ဖြူအောင် ဖွပ်လိုက်သည့်အခါ    ယင်းဗီတာမင်က   ဖွဲတွင်ပါသွားသည်။ ရေခန်းချက်သည့်ထမင်းတွင် လက်ကျန်ဗီတာမင်ဘီဝမ်း ပါရှိနေ သော်လည်း ထမင်းရည်ငှဲ့၍ ချက်ပါက ၎င်းလက်ကျန် ဘီဝမ်းက ထပ်မံဆုံးရှုံးသွားရသည်။ ကလေးအရွယ်တွင် ဗီတာမင်ဘီဝမ်း ချို့တဲ့ပါက  သူငယ်နာဟုအများက ခေါ်ကြသည့် ဘယ်ရီဘယ်ရီ ရောဂါ ဝင်ရောက်လာနိုင်ပြီး အချိန်မီမကုသနိုင်လျှင် အသက် ဆုံးရှုံးရသည်အထိ အန္တရာယ်ရှိသည်။
မြန်မာတို့ ထမင်းအစားများရခြင်းတွင် အလေ့အထကြောင့် လည်းကောင်း၊    ဝင်ငွေနည်းပါးခြင်းကြောင့်  လည်းကောင်း အကြောင်းနှစ်ရပ်ရှိသည်။   ထမင်းများများ  စားလေ့ရှိသူ၏ အစာအိမ်သည်    အခြားမည်သည့်စားစရာကို  စားစေကာမူ တင်းတိမ်မှုမရှိ။ ထမင်းကို အားရပါးရစားရမှ ကျေနပ်မှုရသွား သည်။  ဝင်ငွေနည်းပါးသည့် မိသားစု၊ ဆင်းရဲနွမ်းပါးသည် မိသားစု များတွင်လည်း  ထမင်းဖြင့် အဓိကဗိုက်ဖြည့်ကြရပြီး ဟင်းသည် ဝမ်းဗိုက်ထဲသို့ ထမင်းဝင်သွားစေရန် အထောက်အကူပြုသည့် အရာမျှသာဖြစ်သည်။  သို့ဖြစ်ရာ မိရိုးဖလာ စားသုံးမှုပုံစံကို ပြောင်းလဲရန်မှာ အာဟာရပြည့်ဝသည့် စားသုံးမှုပုံစံများ ပညာ ပေးရေး၊  ငွေကုန်ကြေးကျနည်းပြီး  အလွယ်တကူ ချက်ပြုတ် စားသောက်နိုင်သည့် နည်းလမ်းများ၊ ဟင်းလျာပုံစံများကို ပြည်သူများလိုလားနှစ်ခြိုက်စွာ ကျင့်သုံးစားသောက်လာစေရေးတို့ ကို   ကျယ်ကျယ်ပြန့်ပြန့်   ပြုလုပ်သွားရန်  လိုအပ်သည်။ အထူးသဖြင့်   မြန်မာနိုင်ငံတွင်  လူဦးရေအများဆုံးဖြစ်သော ကျေးလက်နေပြည်သူများ လက်ခံကျင့်သုံးလာစေရေးဖြစ်သည့် အတွက် နိုင်ငံတစ်ဝန်းတွင် တည်ရှိနေသော  ကျေးလက်ဒေသ ပတ်ဝန်းကျင်များ၊   ဒေသထွက်  စားသောက်ဖွယ်ရာများနှင့် ကိုက်ညီပြီး အရသာရှိရှိ၊ လွယ်လွယ်ကူကူ စားသောက်နိုင်မည် ဆိုပါက ရေရှည်တွင် အလေ့အထစွဲမြဲလာမည်ဟု ယုံကြည်မိသည်။
အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးတွင် ငွေကုန်ကြေးကျ များရန်မလိုဘဲ  စားတတ်ရန်သာလိုသည်။  အင်အားဖြစ်စေသည့်  အစာ (ဆန်နှင့်ဆီ၊ ပြောင်းဖူး၊ အာလူး၊ ပိန်းဥ)၊ ခန္ဓာကိုယ်ကြီးထွား စေသည့် အစာ(ငါးနုပ်ငါးဖွဲလေးများ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ)၊ ရောဂါ ကာကွယ်စေသောအစာ(ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ သစ်သီးဝလံ အမျိုးမျိုး) စသည့် အစာအုပ်စုသုံးအုပ်စုလုံး ပါရှိအောင် မိမိတို့ဉာဏ်ရှိသလို   နေ့စဉ်စားသုံးကြရာတွင်  ထမင်း များများစားသည့်အလေ့ကို   လျှော့ချကာ ကျန်အာဟာရများ ဖြည့်စွက်စားသုံး၍   အာဟာရပြည့်ဝစွာဖြင့်   ကျန်းမာကြံ့ခိုင် နိုင်ကြပါစေကြောင်း။      ။