
နေပြည်တော် နိုဝင်ဘာ ၄
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကို အခြေခံ၍ ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသော အများပြည်သူအား သေကျေထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် အကြမ်းဖက်တိုက်ခိုက်မှုများ၊ လမ်း/ တံတား ဖောက်ခွဲဖျက်ဆီးမှုများ၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံများအား မီးရှို့ဖျက်ဆီး ဖောက်ခွဲတိုက်ခိုက်ခြင်းများကို အချို့ဒေသများတွင် လုပ်ဆောင်လျက် ရှိရာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ယခုအခါတွင်လည်း ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့် စာသင် ကျောင်းများနှင့် အများပြည်သူများ တက်ရောက်ကုသလျက်ရှိသည့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်၍လည်း ကျန်းမာရေး စောင့်ရှောက်မှုယန္တရား လည်ပတ်မှုယိုယွင်းစေရန် ဦးတည်လုပ်ဆောင် လာကြောင်း တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ရှိ ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သမား နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ခဲ့ရာ အဆိုပါ လက်ပစ်ဗုံးသည် ဆေးရုံကျန်းမာရေးဝန်ထမ်းအိမ်ရာရှိ သူနာပြုဆောင် ခြောက်ခန်းတွဲ လိုင်းခန်းအရှေ့သို့ ကျရောက်ခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။ အဆိုပါ လက်ပစ်ဗုံးမှာ ပေါက်ကွဲမှုမရှိခဲ့သဖြင့် လူနှင့် အဆောက်အအုံ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ 10.74 HAND Grenade စာတန်းပါ M-67 လက်ပစ်ဗုံးဖြစ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ဆင်ကျွန်း ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၄ နာရီခွဲခန့် တွင် PDF အကြမ်းဖက်အဖွဲ့ ၂၀ ခန့်ရောက်ရှိလာပြီး လက်လုပ်မိုင်း နှစ်လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင် တစ်ဆောင်၏ ပြတင်းပေါက်တံခါးများ ပြုတ်ထွက်၍ ကျောင်းဆောင်အုတ်နံရံများ ပြိုကျပျက်စီးခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များအရ အကြမ်းဖက်သမားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ များ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်မှုမရှိစေ ရန်၊ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို အနှောင့်အယှက်ဖြစ်စေရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားပျက်စီးကာ နယ်မြေဒေသ တည်ငြိမ်မှုပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိဘပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်