

ကျိုင်းတုံ ဩဂုတ် ၈
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း- ကျိုင်းတုံ မဟာဓာတ်အားလိုင်း(၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အား ခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနား အဖွင့်မိန့်ခွန်းပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းမှ ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် မြို့မိမြို့ဖ ဦးစိုင်း အောင်ခမ်းက ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် ကျိုင်းတုံပင်မဓာတ်အားခွဲရုံ အပေါ်ထပ် ရှုရပ်နေရာမှ ပင်မ ဓာတ်အားခွဲရုံ၏ Switch Yard ကို ကြည့်ရှုသည်။
ဓာတ်အားစတင်ပို့လွှတ်
ထို့နောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့သည် ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ Control Room သို့ ရောက်ရှိကြပြီး စက်ခလုတ်နှိပ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးကြသည်။
ယင်းနောက် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီးတို့က ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း - ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်း ပင်မဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ဖွင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက် လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကျိုင်းတုံမြို့ Amazing Kengtong Resort ခန်းမ၌ လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြပြီး နိုင်ငံတော်မှ ချီးမြှင့်သည့် လစာစရိတ်၊ အဆောင်အယောင်များ ကို ခံစားနေကြသူများဖြစ်ကြပါ ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ဝန်ထမ်းများ လိုက်နာရမည့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြား ချက်များကို လိုက်နာပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဖြင့် ပြည်ထောင်စုစနစ်ကို ခိုင်မာစေမည် ဖြစ်ပြီး ပြည်ထောင်စုစနစ် တည်ဆောက်ခြင်းဖြင့် ဒီမိုကရေစီ အုတ်မြစ် ခိုင်မာလာမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ဦးစီးဦးဆောင်ပြုသော် လည်း ဝန်ထမ်းများ၏ မောင်းနှင်အား သည် အဓိကဖြစ်ပါကြောင်း၊ ဝန်ထမ်း များ၏ မောင်းနှင်အား ကောင်းမွန်မှု အပေါ် မူတည်ပြီး နိုင်ငံတော်၏ ဒီမိုကရေစီယန္တရား မြန်ဆန်ကောင်းမွန်မည်ဖြစ်ပါကြောင်း။
တက်ညီလက်ညီဆောင်ရွက်
နိုင်ငံသားတိုင်း တရားမျှတမှုကို ခံစားခွင့်ရှိသည့်အတွက် ဝန်ထမ်းများ အနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေး ရာတွင် တရားမျှတမှုဖြင့် အရည် အသွေးပြည့်ဝသော ဝန်ဆောင်မှုမျိုး ပေးစေလိုပါကြောင်း၊ မိမိကိုယ်ကို မိမိ အုပ်ချုပ်သူအဖြစ် မမြင်စေလိုဘဲ ပြည်သူကို အလုပ်အကျွေးပြုသူအဖြစ် ပြောင်းလဲကျင့်သုံးခံယူရန် လိုအပ်ပါ ကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း အပြန်အလှန် နားလည်မှုဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲရာ တွင် မိမိတို့၏ အလေ့အကျင့် အလေ့ အထများကို ခေတ်စနစ်နှင့်အညီ ခေတ်ရေစီးကြောင်း အပြောင်းအလဲ အပေါ် မူတည်၍ လိုက်ပါပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြုပြင် ပြောင်းလဲရခြင်းသည် ရတောင့်ရခဲ အချိန်အခါကောင်းတွင် ဆောင်ရွက်ရ ခြင်းဖြစ်သည့်အတွက် အားလုံး တက်ညီလက်ညီ လိုက်ပါဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။
ဖြည့်ဆည်းဆောင်ရွက်
ထို့ပြင် ငြိမ်းချမ်းသာယာဝပြောပြီး တန်းတူရည်တူ အခွင့်အရေးရှိသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လူမျိုး၊ ဘာသာ၊ ဒေသ၊ နယ်မြေ မခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကျိုင်းတုံမြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်
