ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းစည်းဝေး

ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းစည်းဝေး

=============================================

နေပြည်တော် ဩဂုတ် ၉

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဩဂုတ် ၆ ရက် ကိုကိုး ကျွန်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်-ကိုကိုး ကျွန်း သင်္ဘောခရီးစဉ်ပြေးဆွဲနိုင်ရေး လမ်းညွှန်မှာကြားချက် နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ပူးတွဲတာဝန်) ဦးစိုးနိုင်၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဩဂုတ် ၆ ရက် ကိုကိုးကျွန်းသို့သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကိုကိုးကျွန်း ကို ရောက်ရောက်ချင်းတွေ့ရသည့် အကြီးမားဆုံးအခက်အခဲ တစ်ခုသည် ပြည်မနှင့်ဆက်သွယ်မှု အခက်အခဲဖြစ်ပါ ကြောင်း၊ သင်္ဘောခဏခဏမလာနိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အနေဖြင့် ကိုကိုးကျွန်း ကို သင်္ဘောများ ယခုထက်ခပ်စိပ်စိပ်လာနိုင်ရန်အတွက် မည်ကဲ့သို့လိုအပ်ချက်များရှိသည်၊ မည်သို့လုပ်ပေးနိုင်မည်၊ မည်သို့လုပ်ပေးရမည်ဆိုသည်ကိုလေ့လာပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း ဟု လမ်းညွှန်ခဲ့ပါကြောင်း၊ ကိုကိုးကျွန်းကို ဖိဖိစီးစီးဖြင့် စံပြမြို့ လေးတစ်ခုဖြစ်အောင် နိုင်ငံ၏လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ပေးသည့် အဝေးရောက်နေသော ကင်းတစ်ခု၊ တစ်နည်းအားဖြင့် မရှိမဖြစ်နေရာတစ်ခုဟု သတ်မှတ်၍ ကိုကိုးကျွန်း၏ တိုးတက်ရေးကို အဓိကထားပြီး လုပ်ပေးလို ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံ၏တိုးတက်ရေးကို လေ့လာသည့်အခါတွင် ကိုကိုးကျွန်း၏ပုံရိပ်ကိုကြည့်ပြီး နိုင်ငံမည်မျှတိုးတက်နေသည်ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ရန် ဖြစ်ပါကြောင်း။

 

ကိုကိုးကျွန်းကဲ့သို့နေရာမျိုးတွင် ပြောင်းလဲမှုသည် မှန်ကန်ရန်၊ ပြောင်းလဲမှုသည် ပြည်သူများအတွက် အကျိုး ရှိရန် ကြိုးစားနိုင်ပါကြောင်း၊ ကိုကိုးကျွန်းသည် နေရာသေး သော်လည်း အခွင့်အရေးများပါကြောင်း၊ အခွင့်အရေးများကို မှန်မှန်ကန်ကန်အသုံးပြုသွားမည်ဆိုလျှင် များစွာအကျိုးရှိ နိုင်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းမှ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးလင်းရေးတို့ကို အဘက်ဘက်ကဝိုင်းဝန်းပြီး ကြိုးစားသွားမည်ဆိုလျှင် ကိုကိုးကျွန်းကဲ့သို့နေရာသည် နှစ်ပိုင်း (သို့မဟုတ်) လပိုင်း အတွင်းတိုးတက်မှုများကို ထင်ထင်ရှားရှားပြနိုင်မည်ဖြစ်ပါကြောင်း၊ ထင်ထင်ရှားရှားပြနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့မှစ၍ ကြိုးစားရ မည်ဖြစ်ပါကြောင်း” ဟု လမ်းညွှန်ခဲ့ရာ ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ပြေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ မိမိကဏ္ဍ အလိုက် ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြောကြား သည်။

ညှိနှိုင်းဆောင်ရွက်

 

ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင် များအသင်းမှ တာဝန်ရှိသူများက မိမိတို့ဆိုင်ရာ ကဏ္ဍ အလိုက် အသေးစိတ်ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ထပ်မံသိလိုသည် များ မေးမြန်းညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် “ရန်ကုန်-ကိုကိုးကျွန်း သင်္ဘော ခရီးစဉ် ပြေးဆွဲနိုင်ရေးအတွက် ဩဂုတ်လနောက်ဆုံး အပတ်တွင် စတင်လိုပါကြောင်း၊ ဩဂုတ်၊ စက်တင်ဘာလ များတွင် တစ်လနှစ်ခေါက်ပြေးဆွဲနိုင်ရန် ရည်မှန်းထားပြီး ရာသီဥတုကောင်းမွန်သည့် အောက်တိုဘာ၊ နိုဝင်ဘာလ၌ တစ်လသုံးခေါက်ပြေးဆွဲနိုင်ရေး၊ ဆိပ်ကမ်းဆိပ်ခံပြုပြင် မွမ်းမံရေးဆိုင်ရာများကို အမြန်ဆုံးကွင်းဆင်းလေ့လာ တိုင်းတာပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုကိုးကျွန်း သည် နိုင်ငံ၏နယ်စွန်နယ်ဖျား ပြင်ပစည်းမှ နိုင်ငံ၏ လုံခြုံ ရေးကို စောင့်ရှောက်ပေးနေသည့်နေရာဒေသဖြစ်သည့် အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ လိုအပ်ချက်များအား နိုင်ငံတော်မှ အချိန်မီ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ကိုကိုးကျွန်း၏ ပညာရေးအတွက် အွန်လိုင်းသင်ကြားရေး အထောက်အကူ ဖြစ်စေရန် ဆက်သွယ်ရေးဆိုင်ရာမှလည်း ဖြည့်ဆည်းဆောင် ရွက်လျက်ရှိကြောင်း ဆွေးနွေးမှာကြားသည်။

 

သတင်းစဉ်