
ဝယ်လင်တန် နိုဝင်ဘာ ၈
နယူးဇီလန်နိုင်ငံ၌ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၉၀ ယနေ့ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၄၅၄၁ ဦး ရှိလာကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ယနေ့စစ်ဆေးတွေ့ရှိခဲ့သည့် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာသစ်များအနက် လူနာ ၁၈၂ ဦးကို နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အောက်ကလန်မြို့တွင် စစ်ဆေးတွေ့ရှိခဲ့ပြီး နောက် ခုနစ်ဦးကို အောက်ကလန်းမြို့အနီးရှိ ဝိုင်ကာတိုခရိုင်တွင် စစ်ဆေးတွေ့ရှိကာ ကျန်တစ်ဦးကို နော့ဒ်လန်းဒေသတွင် စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
လတ်တလောအချိန်တွင် နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးဝါးကုသမှုခံယူနေသောလူနာ ၈၁ ဦး ရှိပြီး ယင်းတို့အနက် ရောဂါပြင်းထန်သောလူနာခုနစ်ဦးကို အထူးကြပ်မတ် ကုဌာနများတွင် ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၂၈၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်နောက်ဆုံးအချက်အလက်များအရ သိရသည်။
နယူးဇီလန်နိုင်ငံ၌ ယမန်နေ့က လူဦးရေ ၃၂၇၂ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး လူဦးရေ ၁၁၀၀၈ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခဲ့ခြင်းနှင့်အတူ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၄၂၈၀ ခန့်သုံးစွဲခဲ့သည်။
လက်ရှိအချိန်အထိ နယူးဇီလန်နိုင်ငံ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၈၉ ရာခိုင်နှုန်းခန့်ရှိပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၇၈ ရာခိုင်နှုန်းခန့်ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ
n