ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မရမ်းကုန်းနှင့် တောင်ဥက္ကလာပမြို့နယ်များ၌နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မရမ်းကုန်းနှင့် တောင်ဥက္ကလာပမြို့နယ်များ၌နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး

======================================================

 

နေပြည်တော် သြဂုတ် ၉

 

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသ ကြီး/ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ ဒေသများမှ ဒေသခံပြည်သူများ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အများပြည်သူရုံးပိတ်ရက်များပါမကျန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇေယျတုမင်္ဂလာ ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ် ပြား ကွင်းဆင်းဆောင်ရွက်ပေး နေမှုကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းတို့က သွားရောက် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား နိုင်ငံသားစိစစ် ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု၊ မဲစာရင်းများ မှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေး မှာကြားသည်။

 

ထို့နောက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူတစ်ဦးချင်း လက်ဝယ်သို့ အသီးသီးပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီး သည် ဝန်ထမ်းများက ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် စာရွက် စာတမ်းများ ဖြည့်သွင်းပြုစုဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့ နယ်(၁၂) ရပ်ကွက်ရှိ မာဃဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ထုတ်ပေးနေမှုများကို ကြည့်ရှု အားပေး၍ ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူတစ်ဦးချင်းလက်ဝယ်သို့ ပေးအပ် ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လက်ငင်းလိုအပ်ချက် ကို ဖြည့်ဆည်းဆောင်ရွက်မှုအဖြစ် သစ္စာစီမံချက်ရေးဆွဲကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ထုတ်ပေးခဲ့မှု၊ ယခုအခါ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်ရရှိစေရေးအတွက် လိုအပ်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် က မဲစာရင်းပြုစုထုတ်ပြန်မှုနှင့် မဲစာရင်းများတွင် မှတ်ပုံတင် ကတ်ပြားတစ်မျိုးမျိုး၏ အမှတ်များ ဖော်ပြရန် ကျန်ရှိနေသည့် စာရင်းများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိဌာန ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား ဂရုပြုထိန်းသိမ်း ကိုင်တွယ်ဆောင်ရွက်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်း ပါရှိပြီး မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး မရှိသော်လည်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်သွားရမည့် အစီအမံများ၊ မိမိဌာနလုပ်ငန်း ဆောင်ရွက်မှုများသည် ပြည်သူ့အကျိုးအတွက်ဖြစ်သည်နှင့်အညီ ပြည်သူများ အားလုံးက ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည် က ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြုစု ထုတ်ပြန်ထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေးဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် စာရွက်စာတမ်းများ ဖြည့်သွင်းဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများ၏ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယနေ့တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးသည့် မရမ်းကုန်းမြို့နယ်၌ အသက် ၁၀ နှစ်မှ ၁၈ နှစ် ပြည့်သူ ၇၈ ဦး၊ ပျောက်ဆုံး/ပျက်စီး၊ မိတ္တူလျှောက်ထားသူ ၁၉ ဦး၊ အသက် ၁၈ နှစ် ပြည့်လျှောက်ထားသူ ၆၀ စုစုပေါင်း ၁၅၇ ဦးကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၌ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်သူ ၃၀၊ ပျောက်ဆုံး/ပျက်စီး၊ မိတ္တူလျှောက်ထားသူ ၇၀၊ အသက် ၁၈ နှစ်ပြည့် လျှောက်ထားသူ ၂၀ စုစုပေါင်း ၁၂၀ ကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးထုတ်ပေးနိုင် ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်