
နယူးဒေလီ နိုဝင်ဘာ ၉
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၀၁၂၆ ဦး ရှိလာသောကြောင့် နိုဝင်ဘာ ၉ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၃၇၇၁၁၃ ဦးအထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက် အလက်များတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ၃၃၂ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၆၁၃၈၉ ဦးအထိရှိလာခဲ့သည်။ တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ဖြစ်သည်။
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၁၄၀၆၃၈ ဦးအထိ ရှိလာပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၁၈၈ ဦးကျဆင်းလျော့နည်းခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ၂၆၃ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အနည်းဆုံးဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၇၇၅၀၈၆ ဦးရှိလာပြီဖြစ်သည်။ အဆိုပါပမာဏ အနက် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၁၁၉၈၂ ဦးရှိသည်။ ဆင်ဟွာ