
ဦးကျော်ကျော် (တရားရေး)
မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ စစ်ဆေး ပြီး မှတ်ပုံတင်စေရန်၊ မော်တော်ယာဉ်အမျိုးအစား
အလိုက် မောင်းနှင်မည့်သူများအား သတ်မှတ်ထား သည့် အရည်အချင်းနှင့်ပြည့်မီမှု ရှိ မရှိ စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန်၊ မော်တော်ယာဉ် ကြောင့် ဖြစ်ပေါ်လာသော လေထု၊ ရေထု၊ မြေထု ညစ်ညမ်းခြင်းနှင့် အသံဆူညံခြင်းတို့ လျော့နည်း စေရေးဆောင်ရွက်ရန်၊ မော်တော်ယာဉ်ကြောင့် မတော်တဆဖြစ်ပွားမှုများ လျော့နည်းကျဆင်း လာစေရေးအတွက် စနစ်တကျစီမံခန့်ခွဲရန်၊ ယာဉ် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းပြုနိုင်ရန်၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းကျဆင်းလာစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရာတွင် အဆင့်မြင့် နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုရန်၊ ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ် ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှု များနှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းလာစေ ရန်နှင့် လမ်းအသုံးပြုသူများသွားလာမှု လွယ်ကူ ချောမွေ့စေရန်၊ ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်း များက အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်စေရန် ရည်ရွယ်ချက်များဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ၂၆-၅- ၂၀၂၀ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ (ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃)
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ် စည်းကမ်း လမ်းစည်းကမ်းများ စနစ်တကျ ဖြစ်စေ ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရပါသည်။
ပြည်သူများသိရှိထားရန်လို
ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းလာစေရန်နှင့် လမ်းအသုံးပြုသူများ သွားလာမှုလွယ်ကူချောမွေ့စေရန်အတွက် ဥပဒေပါတားမြစ်ချက်များကို ပြည်သူများသိရှိထားရန် လိုမည်ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှု ဥပဒေပါပြဋ္ဌာန်းချက်များမှ ပြည်သူများ မဖြစ်မနေ သိရှိထားသင့်သည်များကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည်-
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၇၅ အရ မည်သူမဆို (က) မိမိအား ထုတ်ပေးထားသည့် ယာဉ်မောင်း လိုင်စင်ကို မိမိနှင့် တစ်ပါတည်းယူဆောင်ခြင်းမရှိဘဲ အများပြည်သူဆိုင်ရာနေရာတွင် မော်တော်ယာဉ် ကို မောင်းနှင်ခြင်း၊ (ခ) မိမိအားထုတ်ပေးထားသည့် ယာဉ်အကူ လိုင်စင်ကို မိမိနှင့်တစ်ပါတည်း ယူဆောင်ခြင်းမရှိဘဲ ယာဉ်အကူအဖြစ်ပါဝင်ဆောင် ရွက်ခြင်း၊ (ဂ) သက်တမ်းကုန်ဆုံးနေသော ယာဉ် မောင်းလိုင်စင်ကို အသုံးပြု၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ (ဃ) သက်တမ်းကုန်ဆုံးနေသော ယာဉ်အကူလိုင်စင်ကို အသုံးပြု၍ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ (င) စိတ် သို့မဟုတ် ကိုယ်၏ အခြေအနေမှာ မော်တော်ယာဉ်ကို မောင်းနှင်ရန် သင့်လျော်ခြင်းမရှိသည့် အခြေအနေတွင် မောင်းနှင် ခြင်း၊ (စ) သတ်မှတ်ထားသည့် ဝန်တင်အားထက် ပို၍ တင်ထားသော မော်တော်ယာဉ်ကို မောင်းနှင် ခြင်း၊ (ဆ) မော်တော်ယာဉ်တွင် ခွင့်ပြုချက်မရှိဘဲ အပိုမီးလုံး သို့မဟုတ် အပိုမီးတန်း တပ်ဆင်မောင်း နှင်ခြင်း၊ (ဇ) ခြေလျင်လမ်းကူးနေရာနှင့် သက်ဆိုင် သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် ကို ဆန့်ကျင်၍မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ (ဈ) အခြားသူ၏ ယာဉ်အကူလိုင်စင်ကို အသုံးပြု ၍ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ (ည) မှတ်ပုံတင်သက်တမ်းရှိသော မော်တော်ယာဉ် ကို မောင်းနှင်စဉ် မှတ်ပုံတင်သက်သေခံ လက်မှတ် ကို သတ်မှတ်သည့် နည်းလမ်းအတိုင်း ပြသရန် ပျက်ကွက်ခြင်း၊ (ဋ) မော်တော်ယာဉ်ကို ကိုယ်တိုင် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းသုံးခြင်း၊ (ဌ) သတ် မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်နေစဉ် ယာဉ်ပေါ်ပါရှိသော အသက် ၁၀ နှစ်အောက် ကလေး ငယ်များအား ကလေးအသက်ကယ်ထိုင်ခုံကို အသုံး မပြုဘဲ စီးနင်းစေခြင်း၊ (ဍ) အသက်ကယ် ထိုင်ခုံခါးပတ်ပတ်ရန် သတ်မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်နေစဉ် ကိုယ်တိုင် ဖြစ်စေ၊ လိုက်ပါစီးနင်းသူများကိုဖြစ်စေ အသက် ကယ်ထိုင်ခုံခါးပတ်ကို တပ်ဆင်ခြင်းမပြုဘဲ မောင်း နှင်ခြင်းများကို မည်သူမျှမပြုရကြောင်း ပြဋ္ဌာန်း ထားသည်။ ယင်းဥပဒေပုဒ်မ ၇၅ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေ ပုဒ်မ ၈၆ အရ ထိုသူကို ငွေကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေး
မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် ယာယီရပ်ဆိုင်းခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းခံရသည့် မော်တော်ယာဉ် ကိုသော်လည်းကောင်း၊ သက်တမ်းကုန်ဆုံးသည့် မော်တော်ယာဉ်ကိုသော်လည်းကောင်း အများ ပြည်သူဆိုင်ရာနေရာတွင် မောင်းနှင်ခြင်း၊ မောင်းနှင် စေခြင်း သို့မဟုတ် ရပ်နားထားခြင်း မပြုရကြောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၈၀ တွင် ပြဋ္ဌာန်းထားသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈၁ တွင် (က) ယာဉ် မောင်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်ကို မောင်းနှင် ခြင်း၊ (ခ) ယာဉ်မောင်းလိုင်စင်၌ ခွင့်ပြုထားခြင်း မရှိသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း သို့မဟုတ် မောင်းနှင်ခွင့်ပေးခြင်း (ဂ) အခြားသူ ယာဉ်မောင်းလိုင်စင်ကို အသုံးပြု၍ မော်တော်ယာဉ် ကို မောင်းနှင်ခြင်း၊ (ဃ) မော်တော်ယာဉ်ကို သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင် ခြင်း သို့မဟုတ် သတ်မှတ်ထားသည့် အမြန်နှုန်း အောက်လျှော့၍ မောင်းနှင်ခြင်း၊ (င) မော်တော် ယာဉ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည်အထိ မဆင်မခြင် သို့မဟုတ် အရှိန်ပြင်းစွာ သို့မဟုတ် ပေါ့လျော့စွာ မောင်းနှင်ခြင်း၊ (စ) ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ (ဆ) ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်း(Dangerous Goods) ကို သတ်မှတ်ချက်များနှင့်မညီဘဲ မော်တော်ယာဉ်တွင် တင်ဆောင်ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း၊ (ဇ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲ၍သော်လည်းကောင်း၊ သတ်မှတ်ထားသော ပမာဏထက် ပို၍ အရက်သေစာသောက်စားမူးယစ် ၍သော်လည်းကောင်း မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ (ဈ) အငှားယာဉ်အဖြစ် မှတ်ပုံတင် ထားခြင်းမရှိသော မော်တော်ယာဉ်ကို စီးပွားရေး လုပ်ငန်းသုံး မော်တော်ယာဉ်အဖြစ် အသုံးချခြင်း တို့ကိုမပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၀ နှင့် ပုဒ်မ ၈၁ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်း ဥပဒေပုဒ်မ ၉၁ (က) အရ ထိုသူကို တစ်လထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ အဆိုပါဥပဒေ ပုဒ်မခွဲ(က)အရ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရပြီး တစ်နှစ်အတွင်း ယင်းပြစ်မှု ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ယင်းဥပဒေပုဒ်မ ၉၁ (ခ) အရ ထိုသူ ကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၇၆ အရ မော်တော် ဆိုင်ကယ်ကို နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံ ထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်း၊ မော်တော် ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့် ကို နေ့၊ ည အချိန်တိုင်းတွင် ပိတ်၍ မောင်းနှင်ခြင်း၊ ကိုယ်တိုင်ဖြစ်စေ၊ လိုက်ပါစီးနင်းသူကို ဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာ တပ်ဆင်၍ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းတို့ကို မပြုရကြောင်း ပြဋ္ဌာန်း ထားပါသည်။ မော်တော်ဆိုင်ကယ် မောင်းနှင်သူ မည်သူမဆို ယင်းဥပဒေ ပုဒ်မ ၇၆ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေပုဒ်မ ၈၇ အရ ထိုသူကို ငွေကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည် ဖြစ်သည်။
(က) မော်တော်ယာဉ် ပေးကမ်းခြင်းနှင့် ရောင်းချခြင်းတို့တွင် မော်တော်ယာဉ်ပေးကမ်းသည့် နေ့ရက် သို့မဟုတ် အရောင်းအဝယ်စာချုပ် ချုပ်ဆို သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည်ပြောင်းလဲပေးနိုင်ရေး အတွက် လျှောက်ထားရန် ပျက်ကွက်ခြင်း မရှိစေရ ကြောင်း၊ (ခ)အမွေဆက်ခံခြင်းဖြင့် မော်တော်ယာဉ် ပိုင်ဆိုင်ခွင့်ရရှိသည့် ကိစ္စရပ်တွင် မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည်ပြောင်းလဲပေးရန် တရား ဝင်ပိုင်ဆိုင်ခွင့်ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရန် ပျက်ကွက်ခြင်းမရှိစေရ ကြောင်း၊ (ဂ) မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည် ပြောင်းလဲပေးရန် လျှောက်ထားရာတွင် မော်တော်ယာဉ် ပေးကမ်းခြင်းနှင့် ရောင်းဝယ်ခြင်း စာချုပ်၌ ဝယ်ယူသူ၏အမည်နှင့် နေရပ်လိပ်စာအပါ အဝင် အခြားအချက်အလက် တစ်စုံတစ်ရာကို မမှန်မကန်ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ချန်လှပ်ခြင်း သို့မဟုတ် စာချုပ်ချုပ်ဆိုသည့် နေ့ရက်အား မမှန်မကန် ဖော်ပြမှုများကို မည်သူမျှမပြုရကြောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၇ တွင် ပြဋ္ဌာန်းထားသည်။ မော်တော်ယာဉ် လက်ဝယ်ရှိသူ မည်သူမဆို ယင်း ဥပဒေပုဒ်မ ၇၇ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ယင်းဥပဒေ ပုဒ်မ ၈၈ အရ ထိုသူကို ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည် လည်း ဖြစ်သည်။
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈၄ အရ (က) မော်တော်ယာဉ် မှတ်ပုံတင်နံပါတ်ပြားကို မထင် မရှားဖြစ်စေရန် တမင်မပြုလုပ်ရကြောင်း၊ (ခ) ဦးစီး ဌာနက ထုတ်ပေးထားသည့် မော်တော်ယာဉ်မှတ်ပုံ တင်နံပါတ်ပြား မဟုတ်ဘဲ အခြားနံပါတ်ပြားကို တပ်ဆင် အသုံးမပြုရကြောင်း၊ (ဂ) မော်တော်ယာဉ် မှတ်ပုံတင် နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိဘဲ အများပြည်သူဆိုင်ရာနေရာတွင် မောင်းနှင်ခြင်း၊ မောင်းနှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်းမပြုရ ကြောင်း၊ (ဃ) ဦးစီးဌာနက အခြားမော်တော်ယာဉ် အတွက် ထုတ်ပေးသည့် စာတမ်းအမှတ်အသား သို့မဟုတ် မော်တော်ယာဉ်မှတ်ပုံတင်နံပါတ်ပြားကို ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် အသုံးပြုစေ ခြင်းတို့ကို မော်တော်ယာဉ်တွင် မပြုရကြောင်း တားမြစ်ထားသည်။ ယင်းဥပဒေပုဒ်မ ၈၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်း ဥပဒေပုဒ်မ ၉၄ အရ ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈၅ အရ (က) မှတ်ပုံ တင်ထားခြင်းမရှိသော မော်တော်ယာဉ်ကို သီးခြား ခွင့်ပြုထားသော နေရာမှအပ အများပြည်သူဆိုင်ရာ အပါအဝင် မည်သည့်နေရာတွင်မျှ မောင်းနှင်ခြင်း၊ မောင်းနှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်း မပြု ရန်။ (ခ) ဦးစီးဌာနက ထုတ်ပေးသည့်စာတမ်းအမှတ် အသားကို မှတ်ပုံတင်ထားခြင်းမရှိသော မော်တော် ယာဉ်တွင် ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် အသုံးပြုစေခြင်း မပြုရန်။ (ဂ) ဥပဒေနှင့်အညီ အခွင့် အာဏာမရှိဘဲ သို့မဟုတ် ခိုင်လုံသော အကြောင်း ပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဌာန်ပျက်ပြားစေသည်အထိ ပြုပြင်ပြောင်းလဲ ခြင်း၊ မော်တော်ယာဉ် စစ်ဆေးချက် သက်သေခံ လက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်းမပြုရန်။ (ဃ) ဦးစီးဌာနကထုတ်ပေးသည့် ယာဉ်မောင်း လိုင်စင်၊ ယာဉ်အကူလိုင်စင်၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့် လက်မှတ်၊ ယာယီ ယာဉ် မောင်းနှင်ခွင့်လက်မှတ်၊ မော်တော်ယာဉ် မှတ်ပုံတင် သက်သေခံလက်မှတ်၊ မော်တော်ယာဉ် မှတ်ပုံတင် စာအုပ်၊ မော်တော်ယာဉ် စစ်ဆေးချက် သက်သေခံ လက်မှတ်၊ မော်တော်ယာဉ် စစ်ဆေးပြီးကြောင်း အထောက်အထား၊ မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြား၊ ယာယီမှတ်ပုံတင် သက်သေခံလက်မှတ်၊ ယာယီမှတ်ပုံတင် အမှတ်အသား၊ လုပ်ငန်းလိုင်စင် တို့နှင့် အခြားအထောက်အထားများကို လိမ်လည် အတုပြုထားသည့် စာတမ်းအမှတ်အသား ဖြစ်ကြောင်း သိလျက်နှင့်လည်းကောင်း၊ ထိုသို့ ဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက် နှင့်လည်းကောင်း အစစ်အမှန်အနေဖြင့် မည်သူမျှ အသုံးမပြုရန် တားမြစ်ထားသည်။ ယင်းဥပဒေ ပုဒ်မ ၈၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေ ပုဒ်မ ၉၅ အရ ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၂ အရ မော်တော် ယာဉ်ကို သူတစ်ပါးထိခိုက်မှု အာမခံမထားရှိဘဲ အများပြည်သူဆိုင်ရာ နေရာတွင် အသုံးမပြုရ သို့မဟုတ် အသုံးပြုခွင့်မပေးရကြောင်း ပြဋ္ဌာန်း ထားသည်။ ယင်းဥပဒေ ပုဒ်မ ၈၂ ပါ တားမြစ်ချက် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ယင်းဥပဒေ ပုဒ်မ ၉၂ အရ ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။
မော်တော်ယာဉ်ပိုင်ရှင် သို့မဟုတ် မော်တော် ယာဉ်အတွက် တာဝန်ရှိသူ မည်သူမျှ ယင်းမော်တော် ယာဉ်ကို ယာဉ်မောင်းလိုင်စင် ရရှိမထားသူ တစ်ဦး ဦးအား မောင်းနှင်စေခြင်းမပြုရ သို့မဟုတ် မောင်းနှင်ရန် ခွင့်မပြုရကြောင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၈၃ တွင် ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေပုဒ်မ ၈၃ ပါ တားမြစ် ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေပုဒ်မ ၉၃(က)အရ ထိုသူကို တစ်လထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်သည်။ အဆိုပါဥပဒေပုဒ်မခွဲ (က)အရ ပြစ်မှု ထင်ရှား စီရင်ခြင်းခံရပြီး တစ်နှစ်အတွင်း ယင်း ပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေပုဒ်မ ၉၃ (ခ) အရ ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။
သတိပြုဖွယ်ရာ ပြဋ္ဌာန်းချက်
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို အကောင်အထည်ဖော် သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေ ပုဒ်မ ၉၆ အရ ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ထို့ပြင် အဆိုပါတားမြစ်ချက် တစ်ရပ်ရပ်အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီလျှင် ယင်းဥပဒေပုဒ်မ ၉၇ အရ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်း ထားသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်၍ ကျယ်ပြန့်စွာ ပြဋ္ဌာန်းထားသည့် သတိပြုဖွယ်ရာ ပြဋ္ဌာန်းချက်လည်းဖြစ်သည်။
ဥပဒေပြဋ္ဌာန်းချက်များသည် အများပြည်သူ တို့၏ လူမှုဘဝလုံခြုံမှုကို ရည်ရွယ်ပြဋ္ဌာန်းခြင်း ဖြစ်သည်။ ဥပဒေပြဋ္ဌာန်းချက်များတွင် ပြည်သူ များကို အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်များ နှင့်အတူ ပြည်သူများက လိုက်နာရန် တာဝန် ပေးသော ပြဋ္ဌာန်းချက်များလည်း ပါဝင်ကြသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုရာတွင် ယာဉ် ကြောင့် အန္တရာယ်ဖြစ်ရသည်များ ရှိသကဲ့သို့ လမ်းကြောင့်လည်းကောင်း၊ လမ်းအသုံးပြုသူများ ကြောင့်လည်းကောင်း အန္တရာယ်ဖြစ်ပွားရသည် များလည်းရှိရာ ယာဉ်မောင်းသူများသာမက လမ်းအသုံးပြုသူများကလည်း ဥပဒေပါတာဝန် ဝတ္တရားများကို လေးစားလိုက်နာခြင်းဖြင့်သာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းသော အခြေအနေကို တည်ဆောက်နိုင်မည်ဖြစ်သည်။
လုံခြုံစိတ်ချရသော လူမှုပတ်ဝန်းကျင် သန့်ရှင်းသာယာလှပသော သဘာဝပတ်ဝန်းကျင်၊ လုံခြုံစိတ်ချရသော၊ ကျန်းမာကြံ့ခိုင်သော လူမှုဘဝ ရရှိစေရန်အတွက် အဓိကနေရာမှ အထောက်အကူ ပြုသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များကို အလွယ်တကူ လေ့လာလိုက်နာနိုင်စေရန် ကောက်နုတ်တင်ပြအပ်ပါသည်။ ။
- Log in to post comments