နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည်ရှိသော လူ့အဖွဲ့အစည်း တစ်ရပ်လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူ့အဖွဲ့အစည်းသည် အလုပ် လုပ်နိုင်သည့် စွမ်းရည် (The ability to work) နှင့် အလုပ်လုပ်လို သည့် စိတ် (The will to work) တို့ရှိနေမှသာ ၎င်းနိုင်ငံဖွံ့ဖြိုးတိုးတက် ရန် အလားအလာရှိမည်ဖြစ်သည်။ နောက်ထပ်လိုအပ်ချက်တစ်ရပ်မှာ လူ့အဖွဲ့အစည်း၏ အရည်အသွေးနှင့် အရည်အချင်းတို့ကို သက်ဆိုင် ရာ အစိုးရများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံး အသုံးပြုနိုင်ခြင်းဖြစ်သည်။ ယင်းသို့ အသုံးပြုရာတွင် အစိုးရက တိုက်ရိုက်အသုံးပြုခြင်းနှင့် ပြည်သူတို့က မိမိတို့ အသိစိတ်ဓာတ်ဖြင့် အသုံးပြုလာအောင် သွယ်ဝိုက်၍ အခြေအနေများဖန်တီးပေးရန် လိုအပ်သည်ဟု ပညာရှင်များက ဆိုကြသည်။
သာဓကအားဖြင့် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတ နိုင်ငံသည် သဘာဝအရင်းအမြစ်ချို့တဲ့ပြီး စိုက်ပျိုးနိုင်သည့် မြေစတုရန်းကီလိုမီတာ ၂၂၀၀၀ မျှနှင့် ခဲမဖြူ၊ သက်နုကျောက်မီးသွေး အနည်းငယ်မျှသာ ထွက်ရှိသော နိုင်ငံ၊ သမိုင်းကြောင်းတွင်လည်း နိုင်ငံနှစ်ပိုင်းကွဲခဲ့ရသည့် အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည့်နိုင်ငံ၊ ၁၉၆၀ ပြည့်နှစ်အထိ စိုက်ပျိုးရေးကို အဓိကအားထားခဲ့ရသော ဖွံ့ဖြိုးမှု နိမ့်ကျသည့်နိုင်ငံဖြစ်ခဲ့သည်။ ယင်းနိုင်ငံတွင် သမ္မတပတ်ချုံဟီး အာဏာရလာခဲ့ပြီးနောက် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ပြင်းထန် သော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာမှ မျက်မှောက်ကာလတွင် စက်မှုဖွံ့ဖြိုးတိုးတက်သော အာရှထိပ်တန်းနိုင်ငံတစ်ခုဘဝ ရောက်ရှိခဲ့သည်။
သမ္မတပတ်ချုံဟီးက “ခေတ်နောက်ကျသော နိုင်ငံတစ်ခု၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရာတွင် အခြေခံကျသော အကြောင်းတရားမှာ ယင်းနိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များ ကို အထိရောက်ဆုံးနှင့် အကျိုးအထွက်ဆုံး အသုံးပြုရန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လူတို့နှင့် ပတ်သက်သည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်ရာ လူတို့၏ အစွမ်းအစများ ကို တက်ကြွသောအင်အားများ (Dynamic Force) အဖြစ် စုစည်း ဖော်ဆောင်ပေးနိုင်မှသာလျှင် အောင်မြင်နိုင်သည့် လုပ်ငန်းကြီး ဖြစ်လာသောကြောင့် ဖြစ်ပေသည်”ဟု ဆိုခဲ့သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ခိုင်မာအားကောင်းသည့် အမျိုးသားရေး စိတ်ဓာတ်အားမာန် (Strong National will Power) လိုအပ်ပြီး ၎င်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှုအဖြစ် ပြောင်းလဲပေးနိုင် သည့် အရည်အသွေး၊ အရည်အချင်းများမှာ ခေါင်းဆောင်နှင့် ပြည်သူ နှစ်ဖက်စလုံးတွင် ရှိနေရန် လိုအပ်သည်ဟူ၍လည်း ၎င်းကဆိုသည်။
၁၉၆၀ ပြည့်နှစ် ဝန်းကျင်ကာလများအတွင်းက ကိုရီးယားသမ္မတ နိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ ပုံရိပ်များသည် မျက်မှောက်ကာလ မိမိတို့နိုင်ငံတွင် တွေ့မြင်နေရသည့် မြင်ကွင်းများနှင့် မကွာခြားသည် ကို တွေ့မြင်နိုင်သည်။ သို့ရာတွင် ခေါင်းဆောင်နှင့် ပြည်သူတို့က ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်ဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့စွမ်းဆောင်ခဲ့ကြသည်။ ဆယ်စုနှစ် များနှင့်ချီ၍ ခေါင်းဆောင်အဆက်ဆက်၊ ပြည်သူအဆက်ဆက် နိုင်ငံ အတွက် ထမ်းရွက်ခဲ့ကြခြင်းက ကမ္ဘာ့အလယ်တွင် တင့်တယ်သည့် ကိုရီးယားအခြေအနေသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ ဤတွင် ခိုင်မာ အားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန် (Strong National will Power) ဟူသည် ကဗျာစပ်ရန်၊ သီချင်းရေးရန် စကားလုံးအလှ သက်သက်မျှသာမဟုတ်ဘဲ လက်တွေ့စွမ်းဆောင်မှု အဖြစ် ပြောင်းလဲနိုင်ရန် လိုအပ်သည်ကို သတိပြုနိုင်ရန်လည်း လိုအပ် သည်။
မျက်မှောက်ကာလတွင် မိမိတို့သည် ဒီမိုကရေစီတည်တံ့ခိုင်မြဲ ရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခု ကို ဖြတ်သန်းနေရသလို တစ်ဖက်တွင်လည်း နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေကြရသည်။ ဆန့်ကျင် ဘက်တွင်မူ နိုင်ငံပြိုကွဲပျက်စီးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးရေး၊ အဘက်ဘက်မှ အခက်အခဲအကျပ်အတည်းများ ပေါ်ပေါက်ရေးအတွက် ပြည်တွင်းပြည်ပ အဖျက်အင်အားစုများက သဲသဲမဲမဲ ဖျက်ဆီးနေကြသည်။ မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံနှင့် ပြည်သူအတွက် ကောင်းကျိုးရလဒ်များနှင့် ဖွံ့ဖြိုးမှုတို့ ဖြစ်ပေါ်ရန်မှာ ပြည်သူသည်သာ အခရာဖြစ်သည့်အလျောက် ခိုင်မာအားကောင်း သည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်ကို မွေးမြူကာ နိုင်ငံကို တည်ဆောက်မြှင့်တင်ကြရမည်သာ ဖြစ်ပါကြောင်း။ ။