
ဆောင်းပါး
======
ပုဂ္ဂလိကပိုင်ကုမ္ပဏီများ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများအဖြစ်ပြောင်းလဲ၍ အစုရှယ်ယာစျေးကွက်သို့ ဝင်ရောက်ကြသည့် အကြောင်းရင်းများ
===============================================================
ယခုအခါမှာ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများစွာတို့တွင် အချို့ အချို့သော ကုမ္ပဏီများသည် အကြောင်းအမျိုးမျိုးကြောင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီ (Private Company)မှ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ (Public Company) အဖြစ် ပြောင်းလဲဖွဲ့စည်း၍ အစုရှယ်ယာစျေးကွက်အတွင်းသို့ ဝင်ရောက်လေ့ရှိကြပါသည်။ အင်မတန် လူသိထင်ရှား ကြပြီး ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်ကြသော ဖျော်ဖြေ ရေးကုမ္ပဏီတစ်ခုဖြစ်သည့် The Walt Disney (Stock Code - DIS)၊ Google ကုမ္ပဏီကို ပိုင်ဆိုင်ထားသည့် Alphabet Inc. (Stock Code - GOOG)၊ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Apple Inc. (Stock Code - AAPL)၊ ကြော်ငြာကုမ္ပဏီတစ်ခုဖြစ်သည့် Facebook, Inc. (Stock Code - FB)၊ e-Commerce ကုမ္ပဏီတစ်ခု ဖြစ်သည့် Amazon (Stock Code - AMZN)၊ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Microsoft Corporation (Stock Code - MSFT)၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် The Coca-Cola Company (Stock Code - KO)၊ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Alibaba Group Holding Ltd. (Stock Code - BABA) အစရှိသည်တို့သည်လည်း အမေရိကန်နိုင်ငံရှိ New York Stock Exchange (NYSE) ကို အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ပြီးနောက် စာရင်းဝင် ကုမ္ပဏီ (Listed Company) များအဖြစ် အသီးသီး ဝင်ရောက်ခဲ့ကြပါသည်။ “ယင်းကုမ္ပဏီများသည် အဘယ် ကြောင့် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများအဖြစ် ဖွဲ့စည်းတည်ထောင်ပြီးနောက် အစုရှယ်ယာစျေးကွက် အတွင်းသို့ ဝင်ရောက်ခဲ့ကြသနည်း” ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် ကုမ္ပဏီများသည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည် ထောင်၍ အစုရှယ်ယာစျေးကွက်သို့ ဝင်ရောက်ခဲ့ကြခြင်း မှာ အကြောင်းရင်းအမျိုးမျိုးရှိနိုင်သော်လည်း သိသာ ထင်ရှားသော အကြောင်းအရာများစွာထဲမှ အချက် ရှစ် ချက်ကို ရွေးချယ်တင်ပြလိုက်ပါသည်။
(၁) ကုမ္ပဏီ၏ ရင်းနှီးငွေကို မြှင့်တင်ခြင်း
ပထမဦးစွာ အထင်ရှားဆုံးနှင့် လူသိအများဆုံးသော အကြောင်းပြချက်တစ်ခုမှာ ကုမ္ပဏီ၏ ရင်းနှီးငွေကို မြှင့်တင်ခြင်းပင်ဖြစ်ပြီး ကုမ္ပဏီများသည် လက်ရှိလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများစွာတို့ကို ကာလကြာရှည် ပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်သည်။ ဤအချက်သည် တော်တော်များများသိရှိကြ မည်ဟု ထင်မြင်မိပါသည်။ တစ်ခါတစ်ရံ ပုံမှန်အမြတ် အစွန်းရရှိအောင် စွမ်းဆောင်နိုင်သောကုမ္ပဏီများ သည်ပင်လျှင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ကြီးထွားတိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အတန်အသင့် လုံလောက်ပြည့်စုံသော ရင်းနှီးငွေကို လိုအပ်မည်ဟုဆိုရလျှင် မှားမည်မထင်ပါ။ အများပြည်သူ သို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (IPO) ကို ပြုလုပ်၍ ရရှိလာသောငွေကြေးများကို စက်ရုံ၊ အလုပ်ရုံအသစ်များ တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံ ပြီး ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်စေခြင်း၊ သုတေသနနှင့် တီထွင်ထုတ်လုပ်မှုလုပ်ငန်းများတွင် ထိထိရောက်ရောက် သုံးစွဲခြင်း၊ ကြွေးမြီအဟောင်းများကို ပေးချေခြင်းတို့အပြင် ကုမ္ပဏီ၏ တိုးတက်ကြီးထွားမှုကို ကူညီထောက်ပံ့နိုင်သည့် အခြားအခြားသော အကြောင်းကိစ္စများတွင် အသုံးပြုလေ့ ရှိကြပါသည်။ ထို့ကြောင့် ငွေအရင်းအနှီးများစွာ မြှင့်တင်လို သော ကုမ္ပဏီများသည် အနာဂတ်ကာလတွင် ထိပ်တန်း ကုမ္ပဏီများအဖြစ် အောင်မြင်မှုရရှိရန် လုပ်ငန်းတိုးချဲ့လိုမှုတို့ အတွက် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအဖြစ် ပြောင်းလဲပြီး အစုရှယ်ယာစျေးကွက်သို့ ဝင်ရောက်ကြသည် မှာ မြင်လွယ်သော အကြောင်းပြချက်တစ်ရပ်ပင် ဖြစ်သည်။
(၂) စွန့်ဦးရင်းနှီးမြှုပ်နှံသူများ ထွက်ခွာခြင်း
ကုမ္ပဏီကို စတင်တည်ထောင်သူများနှင့် စွန့်ဦး ရင်းနှီးမြှုပ်နှံသူများသည် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်းကို နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုလေ့ရှိကြပြီး ကုမ္ပဏီမှ ပြန်လည်ထွက်ခွာရန် (သို့မဟုတ်) ပိုင်ဆိုင်ထားသည့် အစုရှယ်ယာ ရာခိုင်နှုန်း အနည်းငယ် အချို့ကို စျေးကွက်မှတစ်ဆင့် ရောင်းချနိုင်ရန် ဖြစ်ပြီး ထိုမှတစ်ဆင့် ကုမ္ပဏီအောင်မြင်မှုမရရှိခင် ကာလ ကတည်းက ယင်းတို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပေးခဲ့သည့် ငွေကြေးအမြောက်အမြားကို ပြန်လည်ရရှိစေပါသည်။ ထို့အပြင် တစ်ခါတစ်ရံ ဆုံးရှုံးနိုင်ခြေရှိမှုကို ကြိုတင် လျှော့ချနိုင်ရန်အတွက်လည်း ဖြစ်စေပါသည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်တွင် Facebook, Inc. သည် New York Stock Exchange (NYSE) တွင် စာရင်းဝင်ကုမ္ပဏီ တစ်ခု ဖြစ်လာသောအခါ စတင်တည်ထောင်သူ တစ်ယောက်ဖြစ်သူ Mark Zuckerberg သည် သူပိုင်ဆိုင် ထားသည့် အစုရှယ်ယာများစွာထဲမှ တချို့တစ်ဝက်ဖြစ်သော အစုရှယ်ယာအရေအတွက် 30 million ကျော်ခန့်ကို ရောင်းချခဲ့ပြီး တန်ဖိုးအားဖြင့် USD 1.1 billion ခန့် ရရှိလေသည်။ ထို့ကြောင့် စတင်တည်ထောင်သူများသည် ပုံမှန်အားဖြင့် ယင်းတို့ပိုင်ဆိုင်သည့် အစုရှယ်ယာများကို ရောင်းချလေ့ရှိကြပြီး သို့သော် ပိုင်ဆိုင်မှုအားလုံးကို ရောင်းချခြင်းမျိုးတော့ မဟုတ်ပါ။ တစ်ဖက်ကကြည့်လျှင် စွန့်ဦးရင်းနှီးမြှုပ်နှံသူများအတွက် ငွေကြေးအမြောက် အမြားကို ပြန်လည်ရရှိစေနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ စွန့်ဦးရင်းနှီးမြှုပ်နှံသူများသည် ပေါ်ထွန်းစ ကုမ္ပဏီ (Start-up) များကို ယင်းတို့ စတင်ပျိုးထောင်သည့် အဆင့်တွင် ကာလကြာရှည် ဆက်လက်ရှင်သန်တိုးတက် နိုင်စေရန် လိုအပ်လျက်ရှိသည့် ငွေကြေးအရင်းအနှီးများစွာ ကို ပံ့ပိုးပေးခဲ့ကြ ပြီး ယင်းကုမ္ပဏီသည် အနာဂတ်ကာလတွင် ပြန်လည် အမြတ်အစွန်းရရှိအောင် စွမ်းဆောင်နိုင်လိမ့်မည် ဟု မျှော်မှန်းချက်ထားရှိတတ်ကြပါသည်။ ထို့ကြောင့် စွန့်ဦး ရင်းနှီးမြှုပ်နှံသူများသည် နှစ်ပေါင်းများစွာ ကုမ္ပဏီမြတ်စွန်း လာမည့်အချိန်၊ ကုမ္ပဏီကြီးထွား တိုးတက်လာမည့်အချိန်ကို စောင့်ဆိုင်းလေ့ရှိကြပါသည်။ ထိုအချိန်ကာလသည်လည်း ကုမ္ပဏီသည် စတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက်သည့် အချိန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် စွန့်ဦးရင်းနှီးမြှုပ်နှံသူ တိုင်း ကုမ္ပဏီများကို စတော့အိတ်ချိန်းသို့ ဝင်ရောက်စေလို ကြပြီး အစုရှယ်ယာများကို စျေးကွက်ပေါက်စျေးဖြင့် စျေးကွက်မှတစ်ဆင့် ပြန်လည်ရောင်းချလေ့ရှိကြသည်။
အလျဉ်းသင့်သလို တင်ပြရလျှင် စွန့်ဦးရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှု သဘောတရားတို့ကို နားလည်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များထံတွင် စတင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်၍ ပံ့ပိုးကူညီကာ ယင်းတို့၏ သေးငယ်သည့် စီးပွားရေးလုပ်ငန်းကို ကြီးထွားလာအောင် မြေတောင် မြှောက်ပေးသောပုဂ္ဂိုလ်များဟု အလွယ်တကူ သိမြင်နိုင်ပါ သည်။
(၃) ငွေဖြစ်လွယ်မှုရရှိခြင်း
အများအားဖြင့် ကုမ္ပဏီသည် ပုဂ္ဂလိကကုမ္ပဏီ အဆင့် တွင် အဓိကအစုရှယ်ယာရှင်များသာမက စွန့်ဦးရင်းနှီးမြှုပ် နှံသူများအပါအဝင် အစုရှယ်ယာပုံစံမျိုးစုံအား ဝန်ထမ်းများ ကိုလည်း ခွဲဝေပေးထားလေ့ရှိကြသည်။ ထိုကဲ့သို့သော အစုရှယ်ယာပိုင်ဆိုင်သည့် ဝန်ထမ်းများသည် ကုမ္ပဏီဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပိုမိုကြိုးစားလုပ်ကိုင်လေ့ရှိကြ သည်။ ကုမ္ပဏီသည် စတော့အိတ်ချိန်းသို့ ဝင်ရောက်သည့်အခါ ယင်းဝန်ထမ်းများသည် အစုရှယ်ယာများကို စျေးကွက် ပေါက်စျေးဖြင့် အလွယ်တကူရောင်းချပြီး ငွေသားအဖြစ် ပြောင်းလဲ၍ ယင်းတို့၏ ဆုလာဘ်ရရှိသကဲ့သို့ အကျိုးခံစား ခွင့်များရရှိတတ်ကြပြီး စျေးကွက်အတွင်း ကုမ္ပဏီ၏ အစုရှယ်ယာစျေးနှုန်းများ မြင့်တက်သည့်အချိန်တွင် ယင်းတို့ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများသည် ဆုလာဘ်များကဲ့သို့ပင် တကယ့်ကို ထိုက်ထိုက်တန်တန် မြင့်မားလေ့ရှိကြသည်။ သာဓကအားဖြင့် ဆိုရလျှင် ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့သော Google Inc. ကုမ္ပဏီကို လူတိုင်းသိရှိကြမည်ဟု ထင်ပါသည်။ ယင်း ကုမ္ပဏီသည် ၂၀၀၄ ခုနှစ်တွင် အများပြည်သူသို့ အစု ရှယ်ယာများ စတင်ကမ်းလှမ်းရောင်းချခဲ့ပြီး ပထမဆုံး ဝန်ထမ်းတစ်ဦးဖြစ်ခဲ့သူ Craig Silverstein ၏ စုစုပေါင်း အစုရှယ်ယာပိုင်ဆိုင်မှု အသားတင်တန်ဖိုးသည် ၂၀၁၅ ခုနှစ်တွင် USD 800 million ခန့် ရှိခဲ့ပါသည်။ ယင်းပမာဏ သည် ထိုစဉ်အခါက နာမည်ကျော် Hollywood သရုပ်ဆောင်များ၏ မြင့်မားသော အနုပညာကြေးများနှင့် အချို့သော ကုမ္ပဏီများစွာရှိ CEOs များရရှိသော လစာ များနှင့် နှိုင်းယှဉ်ကြည့်လျှင်တောင် ပိုမိုများပြားနေသည် ကို တွေ့မြင်နိုင်ပြီး ယင်း၏ပိုင်ဆိုင်မှုများကို အစုရှယ်ယာ စျေးကွက်တွင် အလွယ်တကူ ပြန်လည်ရောင်းချနိုင်ပြီး ငွေသားအဖြစ် ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် အများ နှင့်သက်ဆိုင်သည့် ကုမ္ပဏီများရှိ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းများသည်လည်း ယင်းတို့၏ ကုမ္ပဏီကို ငွေဖြစ် လွယ်မှုရှိသော စတော့အိတ်ချိန်းသို့ စာရင်းဝင်စေလိုကြ သည့် ရည်ရွယ်ချက် ရှိတတ်ကြသောကြောင့် ဖြစ်ပါသည်။
(၄) ပေါင်းစည်းခြင်းနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် လွယ်ကူမှုရှိခြင်း
ကုမ္ပဏီအချင်းချင်း ပေါင်းစည်းခြင်းနှင့် သေးငယ် သည့် ကုမ္ပဏီအများအပြားကို ရယူပိုင်ဆိုင်နိုင်ရန်အတွက် အသုံးပြုလေ့ရှိသော နည်းလမ်းဖြစ်ပြီး ကုမ္ပဏီတစ်ခုသည် ကြီးထွားဖွံ့ဖြိုးမှုရှိလာပြီး သေးငယ်သောပြိုင်ဘက် များကို ဝယ်ယူလိုပါက အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ မဟုတ်ခဲ့လျှင် ဝယ်ယူသည့်ကုမ္ပဏီကို ငွေသားဖြင့် ပေးချေရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီမဟုတ်ခဲ့လျှင် ယင်းကုမ္ပဏီ၏ အစုရှယ်ယာများကို ပိုင်ဆိုင်ချင်မည် မဟုတ်ပေ။ ထို့အပြင် ပြန်လည်ရောင်းချသည့်အခါ ငွေဖြစ်လွယ်မှုလည်း ရှိနိုင်မည်မဟုတ်ပေ။ ထိုမျှမက ပုဂ္ဂလိကပိုင်ကုမ္ပဏီ ဖြစ်ပါက ယင်း၏အစုရှယ်ယာများကို မည်သူတစ်ဦးတစ်ယောက်ထံမှ ငွေသားများစွာ ရရှိရန် အတွက် မည်ကဲ့သို့ ပြန်လည်ရောင်းချရမည်နည်း ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားကြရသည်။ ထို့အပြင် ထိုအစုရှယ်ယာများကို ရောင်းချနိုင်ရန်အတွက် ငွေသား များစွာကို အသုံးပြု၍ ဝယ်ယူမည့်သူကို ရှာဖွေရာတွင် လည်း အခက်အခဲရှိလှသည်။ အကယ်၍သာ စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ပါက လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်များအတိုင်း ထိုကုမ္ပဏီများကို ဝယ်ယူရန် အတွက် အစုရှယ်ယာအသစ်များကို ထပ်မံထုတ်ဝေပြီး အခြားကုမ္ပဏီများကို ကမ်းလှမ်းပေးအပ်နိုင်ပြီး ထို့နောက် အစိတ်အပိုင်းတစ်ခုကို ငွေသားဖြင့် ပေးချေ၍ ဝယ်ယူနိုင် သည်။ ထိုမှသာ ငွေအမြောက်အမြား အသုံးပြုခြင်းကို ရှောင်ရှားနိုင်ပြီး ကုမ္ပဏီ၏ ငွေသားစီးဆင်းမှုကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည်လည်း ဖြစ်သည်။ ဥပမာ အားဖြင့် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီ တစ်ခုဖြစ်သည့် First Myanmar Investment Public Co., Ltd. (FMI) နှင့် စင်ကာပူ စတော့အိတ်ချိန်း၏ စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည့် Yoma Strategic Holdings Ltd. (YSH)တို့အကြား မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် Wave Money ရှိ အစုရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်သွားခဲ့ကြသည့် ဖြစ်စဉ်များကို ဆက်စပ်လေ့လာတွေ့ရှိ နိုင်ပါသည်။
(၅) ထူးချွန်ထက်မြက်သည့် ဝန်ထမ်းများကို ဆွဲဆောင်မှု
ပြုလုပ်ခြင်း
လုပ်ငန်းစွမ်းဆောင်ရည်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းအသစ်များကို အစုရှယ်ယာပိုင်ဆိုင်မှုများ ကမ်းလှမ်း၍ ခွဲဝေပေးအပ်ခြင်းဖြင့် ဆွဲဆောင်စည်းရုံးခြင်း သည်လည်း စတော့အိတ်ချိန်းသို့ စာရင်းဝင်ခြင်းနှင့်အတူ အသုံးပြုလေ့ရှိသော နည်းလမ်းတစ်မျိုးပင်ဖြစ်သည်။ ထိုကဲ့သို့သော နည်းလမ်းမျိုးကို ပေါ်ထွန်းစကုမ္ပဏီ များတွင် အသုံးပြုလေ့ရှိကြသော်လည်း တစ်ခါတစ်ရံ အလုပ်မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီ၏ ကျရှုံးနိုင်ခြေရှိမှုနှုန်းသည် ပိုမိုမြင့်မားသောကြောင့်ဖြစ် ပြီး ယင်း၏အစုရှယ်ယာများသည်လည်း တန်ဖိုးမရှိသော စာရွက်စာတမ်းများထက်ပို၍ သက်သေမပြနိုင်ပေ။ သို့သော် စတော့အိတ်ချိန်းသို့ စာရင်းဝင်ခြင်းဆိုသည်မှာ ဆုံးရှုံးနိုင်ခြေရှိခြင်းကို စျေးကွက်အတွင်း အစုရှယ်ယာ များကို အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် လျှော့ချနိုင် သောကြောင့်ဖြစ်သည်။ ထို့ကြောင့် စွမ်းဆောင်ရည် ရှိသည့် ဝန်ထမ်းများအား ကာလကြာရှည် ထိန်းသိမ်းဆွဲ ဆောင်နိုင်ရန်အလို့ငှာ အစုရှယ်ယာများ ခွဲဝေပေးပြီး စတော့အိတ်ချိန်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းလေ့ရှိကြ ပါသည်။
(၆) ကုမ္ပဏီကို တန်ဖိုးသင့်တင့်ခြင်း
စတော့အိတ်ချိန်းသို့ စာရင်းဝင်ခြင်း၏ အခြားသော အကြောင်းပြချက်တစ်ခုမှာ ကုမ္ပဏီ၏ တန်ဖိုးကို မြှင့်တက်စေခြင်း (သို့မဟုတ်) အလွယ်တကူ တန်ဖိုးကို သင့်တင့်စေခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် ကုမ္ပဏီ တစ်ခုစတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက်ပြီးသောအခါ ဤကုမ္ပဏီသည် ဘဏ္ဍာရေးအခြေအနေ တောင့်တင်း ခိုင်မာသော အခြေအနေတွင်ရှိခြင်း၊ အမြတ်အစွန်းရရှိ အောင် စွမ်းဆောင်နိုင်ခြင်းနှင့် အနာဂတ်မျှော်မှန်း ချက်ကောင်းများရှိနေတတ်ခြင်းတို့သည် ယင်းတို့၏ အစုရှယ်ယာစျေးနှုန်းကို မြင့်တက်စေနိုင်ပြီး ရင်းနှီးမြှုပ်နှံ သူများစွာတို့ကို ဆွဲဆောင်နိုင်စေခြင်းနှင့် ကုမ္ပဏီ၏ ပကတိတန်ဖိုးကို ပိုမိုမြင့်တက်စေခြင်းကို ဖြစ်စေသကဲ့သို့ အဓိကပိုင်ဆိုင်ထားသည့် အစုရှယ်ယာရှင်များ၏ အသား တင်ပိုင်ဆိုင်မှုတန်ဖိုးကိုလည်း တိုးပွားလာစေပါသည်။ ထို့ကြောင့် အလားအလာကောင်းမွန်သည့် ကုမ္ပဏီများကို ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သော ဘဏ်ကြီးများ၊ Hedge Funds၊ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများမှ သတိပြုမိစေခြင်းများကိုလည်း ဖြစ်စေ ပါသည်။ စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် ကုမ္ပဏီ၏တန်ဖိုးကို မြှင့်တက်စေရုံမျှမက ကုမ္ပဏီမှ လိုအပ်လျက်ရှိသော ချေးငွေများကိုလည်း ဘဏ်များက ယုံကြည်စိတ်ချစွာ အလွယ်တကူ ချေးယူရရှိစေနိုင်ပါသည်။ စွန့်ဦးရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း အများ ပြည်သူသို့ တတ်နိုင်သမျှ အမြင့်စျေးနှင့် ပြန်လည်ရောင်းချ လိုကြသည်။ ထို့ကြောင့် ကုမ္ပဏီ၏ တန်ဖိုးသည်လည်း မြင့်သည်ထက် မြင့်တက်လာလေ့ရှိသည်။ တစ်ခါတစ်ရံ ပုဂ္ဂလိကပိုင်ကုမ္ပဏီများ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်ပြောင်းလဲ၍ စတော့အိတ်ချိန်းသို့ ဝင်ရောက် ခြင်းသည် အများပြည်သူတို့အကြား ကုမ္ပဏီ၏တန်ဖိုးကို ပုံမှန်ရှိသင့်သည်ထက် ပို၍မြင့်တက်စေသည့် စိတ်လှုပ်ရှား မှုမျိုးကိုလည်း အလွန်အမင်းဖြစ်ပေါ်စေနိုင်ပြီး အစုရှယ်ယာ ရှင်များ၏ ကြွယ်ဝချမ်းသာခြင်းကိုလည်း အလွန်အမင်း ဖြစ်စေပါသည်။ ၁၉၉၉ ခုနှစ်အတွင်း Microsoft ကုမ္ပဏီ၏ အစုရှယ်ယာစျေးနှုန်းများ မြင့်တက်နေချိန်တွင် ယင်းကုမ္ပဏီ၏ အသားတင်တန်ဖိုးသည် USD 800 Billion ခန့်ရှိပြီး စတင်တည်ထောင်ခဲ့သူ Bill Gates ၏ စုစုပေါင်း အစုရှယ်ယာပိုင်ဆိုင်မှုတန်ဖိုးသည် USD 126 Billion ခန့်ရှိပြီး ယင်းသည် ထိုအချိန်က တကယ့်ကို များပြားသောပိုင်ဆိုင်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာ ခဲ့ပါသည်။ ထို့ကြောင့် စတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက် ခြင်းသည် တစ်နည်းအားဖြင့် ကုမ္ပဏီ၏ တန်ဖိုးမြင့်တက် နေချိန်တွင် အစုရှယ်ယာရှင်တိုင်း ချမ်းသာကြွယ်ဝမှုကို ရရှိကြသည်ကို သဘောပေါက်နားလည်ထားကြပြီး စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်လေ့ရှိကြပါသည်။
(၇) ကုန်ပစ္စည်းအမှတ်တံဆိပ်တန်ဖိုးကို
မြင့်တက်စေခြင်း
စတော့အိတ်ချိန်းသို့ ဝင်ရောက်ကြသော အခြားသိသာ ထင်ရှားစေသည့် အကြောင်းအရာတစ်ခုမှာ ကုန်ပစ္စည်း အမှတ်တံဆိပ်တန်ဖိုးကို မြင့်တက်စေခြင်းကြောင့်ပင် ဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုသည် စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့်အခါ ကော်ပိုရိတ် သတင်းအချက်အလက်များကို စတော့အိတ်ချိန်းမှတစ်ဆင့် တရားဝင်ဖွင့်ဟကြေညာမှုများ ပြုလုပ်ရသည့်အတွက် ရင်းနှီးမြှုပ်နှံသူများအပါအဝင် အများပြည်သူတို့ အလွယ် တကူ သိရှိနားလည်စေသည့်အပြင် ကုမ္ပဏီသည်လည်း ကော်ပိုရိတ်စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများ ပိုမို ကောင်းမွန်လာသကဲ့သို့ အများပြည်သူ၏ ယုံကြည် လက်ခံနိုင်မှုကို တိုးမြင့်လာစေပါသည်။ ထို့အပြင် ကုမ္ပဏီ ၏ ထုတ်ကုန်ပစ္စည်းများကို ပိုမိုသတိပြုမိလာကြပြီး သုံးစွဲသူအများစုကို ဆွဲဆောင်မှုရှိလာစေပါသည်။ ဆက်စပ် ပြီး အခြေခံအားဖြင့် စျေးကွက်ပိုင်ဆိုင်မှုကို တိုးမြင့်လာစေ ပြီး ဝင်ငွေနှင့်အမြတ်အစွန်း တိုးပွားမှုကိုလည်း ဖြစ်ထွန်း စေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အတွင်းတွင်လည်း ပွင့်လင်းမြင်သာမှုရှိပြီး ကြံ့ခိုင်တောင့် တင်းသော ပြိုင်ဘက်ကောင်းတစ်ခု ဖြစ်လာစေပါသည်။ ဥပမာအားဖြင့် ဆိုရသော် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီများကို ယခင်က သိရှိသူနည်းပါးကြသော်လည်း စာရင်းဝင်ပြီးနောက်ပိုင်းတွင် ပိုမို၍ လူသိထင်ရှား ဖြစ်လာကြသည်ကို တွေ့မြင်သိရှိနိုင်ပါသည်။
(၈) ဂုဏ်သိက္ခာမြင့်မားမှုရရှိခြင်း
နောက်ဆုံးအချက်သည် ဂုဏ်သိက္ခာမြင့်မားမှုရရှိခြင်း ပင်ဖြစ်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်အများစုတွင် ရှိတတ်သည့် အကြီးမားဆုံးသော ရည်မှန်းချက်သည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ပြောင်းလဲ၍ အစုရှယ်ယာစျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရေးပင် ဖြစ်ပါသည်။ ယင်းအကြောင်းပြချက်သည် ကုမ္ပဏီနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဂုဏ်သိက္ခာမြင့်မားမှုကို တည် ဆောက်ခြင်းပင်ဖြစ်ပြီး ကုမ္ပဏီသည် စတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက်သည့်အခါ ယင်းတို့သည်လည်း ကုမ္ပဏီ နှင့်နှိုင်းယှဉ်၍ အလေးထားဂရုပြုမှု ခံကြရသည်။ ထို့ကြောင့် ကုမ္ပဏီ၏ စတင်တည်ထောင်သူများ၊ CEO အများစုတို့သည် လည်း ထိုကဲ့သို့သော အတွေးအခေါ်၊ အယူအဆများရှိတတ် သကဲ့သို့ ကြီးမားသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ များကို စီမံခန့်ခွဲကြရသော CEO များ ဖြစ်လိုကြသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ ရန်ကုန်စတော့အိတ်ချိန်းကို ဖွင့်လှစ်ပြီးနောက် First Myanmar Investment Public Co., Ltd. (FMI) သည် ပထမဆုံးစာရင်းဝင်ကုမ္ပဏီ ဖြစ်လာ ခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့ခြင်းနှင့်အတူ စတင်တည်ထောင်သူများ၏ အဓိကရည်မှန်းချက်တစ်ခု သည် မြန်မာနိုင်ငံအစုရှယ်ယာစျေးကွက်တွင် ပထမဦးဆုံး စာရင်းဝင် ကုမ္ပဏီအဖြစ် မှတ်တမ်းတင်နိုင်ရေးပင် ဖြစ်ပါသည်။
ကုမ္ပဏီများ စတော့အိတ်ချိန်းသို့ စာရင်းဝင်ကြသည့် အကြောင်းရင်းများစွာရှိနိုင်ပြီး အထက်ဖော်ပြပါ အချက်/ အကြောင်းအရာ ရှစ်ချက်သည် ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအဖြစ် သို့ ပြောင်းလဲ၍ စတော့အိတ်ချိန်းသို့ စာရင်းဝင်ရောက်လေ့ ရှိကြသော အဓိကအကြောင်းရင်းများစွာတို့မှ အချို့ပင် ဖြစ်ကြပါသည်။
ယခုအခါ ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း FMI၊ MTSH၊ MCB၊ FPB၊ TMH နှင့် EFR အစရှိသည့် စာရင်းဝင် ကုမ္ပဏီ ခြောက်ခုရှိနေပြီဖြစ်ပါသည်။ ယေဘုယျအားဖြင့် လုပ်ငန်းနယ်ပယ် ခွဲကြည့်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု၊ အထူးစီးပွားရေးဇုန်ကို ဖော်ဆောင်သည့် ကုမ္ပဏီတစ်ခု၊ ဘဏ်လုပ်ငန်းနယ်ပယ်မှ နှစ်ခု၊ ဆက်သွယ် ရေးလုပ်ငန်းနယ်ပယ်မှ ကုမ္ပဏီတစ်ခုနှင့် ဘက်စုံ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်မှ ကုမ္ပဏီ တစ်ခု တို့ ဖြစ်ကြပါသည်။ များမကြာမီ ထပ်မံဝင်ရောက်လာ မည့် ကုမ္ပဏီအနည်းငယ်ရှိနေသည့်အပြင် DICA မှ စာရင်းများအရ မြန်မာနိုင်ငံတွင် လက်ရှိမှတ်ပုံတင်ထား သည့် ကုမ္ပဏီစုစုပေါင်း ၆၀၀၀၀ ကျော်ရှိပြီး အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီစုစုပေါင်း ၂၇၀ ခန့် ရှိပါ သည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ထိုစာရင်းဝင် ကုမ္ပဏီများသည်လည်း မတူညီသောရည်မှန်းချက် အမျိုးမျိုးနှင့် အစုရှယ်ယာစျေးကွက်အတွင်းသို့ စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်ခဲ့ကြပြီး အထက်ဖော်ပြပါ အချက်/ အကြောင်းအရာ ရှစ်ချက်ထဲမှ မည်သည့် အကြောင်းရင်းများကြောင့် ဖြစ်နိုင်မည်နည်းဟု စဉ်းစား တွေးတောရင်း မျှဝေတင်ပြအပ်ပါသည်။ ။
ရည်ညွှန်း - www.youtube.com၊
www.wikipedia.org၊
finance.yahoo.com၊
Ko Kyaw Tun’s Facebook Page၊
https://money.cnn.com/2012/08/20/ technology/facebook-peter-thiel/index.
html၊
www.dica.gov.mm၊
www.secm.gov.mm၊
www.ysx-mm.com
- Log in to post comments