အိမ်ထောင်စုများအဆင်ပြေရေး လျှပ်စစ်ကိုချွေတာပေး

ယနေ့ကာလတွင် နိုင်ငံရေး၊ လူမှုရေး၊      စီးပွားရေးဂယက်ရိုက်ခတ်မှုအမျိုးမျိုး ရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ဂယက်ရိုက်ခတ်မှုကြောင့် လူမှုစီးပွားဘဝများတွင် အခက်အခဲများရှိသည်။ အလုပ်အကိုင်မလည်ပတ်မှု၊ ငွေကြေးဂယက်ရိုက်ခတ်မှုတို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုစီးပွားရေးဘဝတွင် အခက်အခဲများရှိသည်။ ထို့ကြောင့် အစစအရာရာတွင် ခြိုးခြံချွေတာခြင်းဖြင့် တည်ငြိမ်မှုရှိအောင် ပြုလုပ် ရမည်ဖြစ်သည်။


နိုင်ငံတော်နှင့်ပြည်သူလူထု နေ့စဉ်မပြတ် မဖြစ်မနေသုံးစွဲနေရသောကိစ္စမှာ လျှပ်စစ်မီးသုံးစွဲခြင်းဖြစ်သည်။ ယနေ့အချိန်အခါတွင် အဘက်ဘက်၌ ငွေကြေးလိုအပ်မှုမြင့်မားနေသောအချိန်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ဝန်ဆောင်မှု တို့သည်လည်း အရေးကြီးသောကိစ္စဖြစ်လာသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ် ဓာတ်အား အပြည့်အဝထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ပေးနေသလို ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် မီတာခပေးဆောင်မှုအပိုင်း၌ စိန်ခေါ်မှု များရှိနေသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် ခြိုးခြံချွေတာရေးကို အလေးထားကျင့်သုံးအပ်ပေသည်။


ပုံမှန်အားဖြင့်ဆိုလျှင် လျှပ်စစ်ဓာတ်အားကို မလိုအပ်ဘဲ အချည်းနှီးအသုံး မပြုမိဖို့လိုသည်။ အားလုံးအနေဖြင့် နေ့အလင်းရောင်ကို အသုံးပြုနိုင်လျှင် လျှပ်စစ်မီးကို မသုံးစွဲခြင်းဖြင့် ခြိုးခြံချွေတာနိုင်သည်။ မြို့ပြများအနေဖြင့် မလိုသောနေရာများတွင် လျှပ်စစ်မီးအသုံးပြုခြင်းကို ထိန်းသိမ်းထားရန်လိုပြီး လိုအပ်သောနေရာများတွင် လိုအပ်သလောက်သာအသုံးပြုသင့်သည်။ ပြည်သူများ၏ နေအိမ်များတွင် လျှပ်စစ် မီးဖြင့် ချက်ပြုတ်ခြင်းအစား သဘာဝဓာတ်ငွေ့ကိုအသုံးပြုခြင်းဖြင့် လျှပ်စစ် ဓာတ်အားကို လျှော့ချနိုင်သည်။ လေအေးပေးစက်၊ ပန်ကာများအစား ခြင်အန္တရာယ် ကိုကာကွယ်၍ သဘာဝလေ၊ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားသင့်သည်။ 


မိသားစုများအနေဖြင့် အချိန်ကုန်မှုနှင့်ပင်ပန်းမှုသက်သာအောင် အဝတ် လျှော်စက်ကို အသုံးပြုကြသော်လည်း လျှပ်စစ်ဓာတ်အား အပိုကုန်ကျမှုသက်သာ အောင် ကိုယ့်အားကိုယ်ကိုး၍ လိုအပ်သလောက်သာ အဝတ်လျှော်စက်ကိုအသုံးပြု သင့်သည်။ ကျန်းမာရေးနှင့်အညီ လှေကားအတက်အဆင်းပြုလုပ်သင့်ပြီး လိုအပ်မှသာ စက်လှေကားကိုအသုံးပြုသင့်သည်။ အိမ်ထောင်စုများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုကြရာတွင် မိမိတို့သုံးစွဲခဲ့သည့် ယူနစ်ပမာဏများကို သိရှိထားနိုင်လျှင် မိမိတို့သုံးစွဲမှုကို မိမိတို့ကိုယ်တိုင် ချင့်ချိန်နိုင်မည်ဖြစ်သည်။ တစ်အိမ်ထောင်လျှင် သုံးစွဲမှုယူနစ်များလျှင်များသလောက် မီတာခကျသင့်ငွေမြင့်မားလာမည်ဖြစ်သည်။ တစ်အိမ်ထောင်လျှင် ယူနစ် ၁၀၀ ခန့်သုံးစွဲပါက သုံးစွဲခငွေကျပ် ၆၀၀၀ ဝန်းကျင်သာ ကုန်ကျမည်ဖြစ်သည်။ ယူနစ် ၁၀၀ ကျော်လာပါက ထပ်ဆင့်ကုန်ကျမှုမြင့်မားလာမည် ကို သတိပြုနိုင်သည်။
ယနေ့အချိန်အခါတွင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် သုံးစွဲသူပြည်သူများ ကြုံတွေ့နေရသောအခက်အခဲမှာ      လျှပ်စစ်ဓာတ်အားအသုံးပြုမှုနှင့်  မီတာခ ပေးဆောင်မှုဖြစ်သည်။ ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးမှုနှင့် နေအိမ် အတွင်း အသုံးပြုမှုများတွင် လျှပ်စစ်ဓာတ်အား လေလွင့်မှုများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ မီတာခကျသင့်မှုတွင် လျှပ်စစ်ကြိုးသွယ်တန်းမှုနှင့် မီတာပုံးအပေါ်တွင် မူတည်သည်။ စနစ်မကျသော လျှပ်စစ်ကြိုးသွယ်တန်းမှု ခေတ်မမီတော့သော မီတာယူနစ်စနစ်တွင် လေလွင့်မှုများရှိနိုင်သည်။ ယခုအခါ အဆင့်မြင့်မီတာ(AMI)စနစ်ကို စတင်အသုံးပြုနေသည်။ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုမှာ စနစ်ဟောင်းတွင် ၁၆ ရာခိုင်နှုန်းခန့်ရှိပြီး အဆင့်မြင့်မီတာ(AMI)စနစ်ဖြင့် အသုံးပြုသောအခါ  ဓာတ်အားပျောက်ဆုံးမှု နှစ်ရာခိုင်နှုန်းသာရှိတော့သည်ကို တွေ့ရသည်။ ၎င်းစနစ်ကိုအသုံးပြုခြင်းဖြင့် လျှပ်စစ်မီတာခများ ကောက်ခံ ရာတွင် အွန်လိုင်းဘဏ်စနစ်ကို လွယ်ကူစွာအသုံးပြုနိုင်သည်။


လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်ရေး၊ အခြားမြို့ပြဆိုင်ရာလုပ်ငန်းများတွင်  ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊   လျှပ်စစ် ဓာတ်အားအသုံးပြုမှုနှင့်သက်ဆိုင်သည့်အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်မြင့်မီတာ(AMI)စနစ်ကို ပြောင်းလဲ အသုံးပြုနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။   မိမိတို့သုံးစွဲမှုပမာဏကို သိရှိပြီး ချင့်ချိန်သုံးစွဲခြင်းဖြင့် ခြိုးခြံချွေတာရာရောက်ပြီး အားလုံးအဆင်ပြေနိုင်သည်။ ထို့အပြင် အခြားသင့်တော်ရာနေရာများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုကြခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ခြိုးခြံရာရောက်ပြီး ကုန်ကျစရိတ်များ လည်း လျော့နည်းသက်သာလာမည်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု အပိုကုန်ကျစရိတ်များ လျော့နည်းသက်သာစေရေးအတွက် လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သည်များတွင် စနစ်တကျသုံးစွဲခြင်း၊ ပြောင်းလဲပြင်ဆင်အသုံးပြုခြင်း၊ ခြိုးခြံချွေတာသုံးစွဲခြင်း ဖြင့် ကောင်းကျိုးများတိုးပွားလာနိုင်သည်ဖြစ်ရာ နေ့စဉ်မဖြစ်မနေသုံးစွဲနေရသည့် လျှပ်စစ်မီးမှအစပြု၍ ပိုမိုကောင်းမွန်သည့်ချွေတာရေးနည်းစနစ်များကို ပြောင်းလဲ ပြင်ဆင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။