
ဝါရှင်တန် နိုဝင်ဘာ ၂၉
အီရန်နိုင်ငံအနေဖြင့် နျူကလီးယား လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်လာပါက ယခုထက်ပို၍ ဖိအားများ ပိုများလာမည်ဟု အမေရိကန် အဆင့်မြင့်သံတမန်တစ်ဦးက ပြောသည်။ အမေရိကန်နှင့် အီရန်တို့ နျူကလီးယားအရေး သွယ်ဝိုက်သော ဆွေးနွေးပွဲ မစတင်မီ အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ရောဘတ်မူလေက နိုဝင်ဘာ ၂၈ ရက် အင်တာဗျူးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုကို အခွင့်ကောင်းယူပြီး နျူကလီးယား အစီအစဉ်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းပါက ပြန်လည်တုံ့ပြန် သွားမည်ဟုလည်း ၎င်းက ဆက်ပြောခဲ့သည်။ အီရန်အပေါ် ဖိအားများ ထပ်ပေးခဲ့ လျှင်လည်း မည်သူမျှအံ့အားသင့်မည်မဟုတ်ဟု ဆက်ပြောသည်။
အီရန်နှင့် အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီမှုအတွက် အီရန်အပေါ် ပိတ်ဆို့ကန့်သတ်မှုဖယ်ရှားခြင်း များပြုလုပ်ပေးခဲ့သည်။ သို့သော်လည်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် အဆိုပါ သဘောတူညီမှုမှ အမေရိကန်ကို ဆွဲထုတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။ ယခုနှစ် ဧပြီလမှ စတင်ကာ အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီမှုကို အဖတ်ဆယ်နိုင်ရေးအတွက် သွယ်ဝိုက်သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ နျူကလီးယား လှုပ်ရှားမှုအပေါ် မည်သို့တင်းကျပ်ရန်နှင့် ပိတ်ဆို့မှု များကို မည်သို့ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။ အမေရိကန်က အကြမ်းဖက်မှုနှင့်လူ့အခွင့်အရေးတို့အပေါ်မူတည်ကာ အီရန်အပေါ် ပိတ်ဆို့ကန့်သတ်မှုကို ဖြေလျှော့ရန် စဉ်းစားထားသော်လည်း အီရန်နိုင်ငံဘက်မှမူ ပိတ်ဆို့မှုများ အလုံးစုံဖယ်ရှားပေးရန် ကိုသာ တောင်းဆိုနေသည်။ အင်န်အိတ်ချ်ကေ