နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်လို

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီက ဖြစ်ပွား ခဲ့သည့်  ပစ်ခတ်မှုဖြစ်စဉ်များနှင့်   ပတ်သက်၍   ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြောကြား ခဲ့ရာ   မြန်မာနိုင်ငံမှ   နိုင်ငံခြားရေးဝန်ကြီးဌာန  မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား စက်တင်ဘာ ၁၉ ရက်တွင်  ခေါ်ယူတွေ့ဆုံကာ ဖြစ်စဉ်ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုံ့ပြန်ခဲ့သည်။

 


အဆိုပါဖြစ်စဉ်တွင်   AA   လက်နက်ကိုင်အဖွဲ့နှင့်  ARSA အကြမ်းဖက်အဖွဲ့ ပူးပေါင်း၍  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် BP- ၃၁  အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိ သည့်   တောင်ပြိုဝဲရဲကင်းစခန်းအား   မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အဆိုပါမော်တာကျည် သုံးလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခြင်း၊ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နယ်နိမိတ်မှတ်တိုင် BP- ၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းကို   မော်တာကျည်များဖြင့်  တိုက်ခိုက်ခဲ့ရာတွင် မော်တာကျည်      ကိုးလုံး   ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့  ကျရောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ စင်စစ် ယင်းဖြစ်စဉ်များသည် လက်နက်ကိုင်အဖွဲ့အစည်းနှင့်  အကြမ်းဖက်အဖွဲ့အစည်းတို့၏ ကြိုတင်ကြံစည်မှုပင်ဖြစ်ပြီး ရည်ရွယ်ချက်မှာ မြန်မာနှင့်ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေရန်အတွက်ပင်ဖြစ်သည်။ 

 


မြန်မာနိုင်ငံသည် ထိုင်း၊ တရုတ်၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိရာ နှစ်နိုင်ငံ နယ်နိမိတ် တို့၏   သဘောအရ   လူဝင်လူထွက်ကိစ္စ၊  မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုရောင်းဝယ်သည့်ကိစ္စ၊  လူကုန်ကူးသည့်ကိစ္စ စသည်တို့အပါအဝင် နယ်စပ်ဖြတ်ကျော် အမှုအခင်းများ ဖြစ်ပေါ် လေ့ရှိသည်။   လက်နက်ကိုင်အဖွဲ့အစည်းများ  တည်ရှိနေသည့် နယ်စပ်ဒေသများတွင်  တိုက်ခိုက်မှုများအတွင်း  တစ်ခါတစ်ရံ နယ်နိမိတ်ကျော်လွန်၍ ကျည်ကျသည့် ဖြစ်စဉ်မျိုးလည်း ဖြစ်ပေါ် လေ့ရှိတတ်သည်။ မြန်မာနိုင်ငံသည် နှစ်နိုင်ငံ နယ်နိမိတ်များအနီး လုံခြုံရေးကိစ္စများကို လိုအပ်သလို ဆောင်ရွက်ရာတွင် နှစ်နိုင်ငံသဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်းများကို လေးစား လိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မြဲဖြစ်သည်။ အခြား နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှု ကိုလည်း လေးစားသည်။ အထူးသဖြင့်  အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးမှုကို အလေးထားသည်။ 

 


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မော်တာကျည်များ ကျရောက်ခဲ့ သည့်ဖြစ်စဉ်သည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးမှု ဖြစ်သကဲ့သို့ နှစ်နိုင်ငံနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း  AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများ တည်ရှိနေမှုကလည်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေနိုင်မည့်   အခြေခံအကျဆုံးအကြောင်းအရာ  တစ်ရပ်ပင်ဖြစ် သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မိမိပိုင်နက် နယ်မြေအတွင်း AA အဖွဲ့နှင့်  ARSA  အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများ တည်ရှိနေမှုကို နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

 


နှစ်နိုင်ငံ   နယ်စပ်ဒေသများသည်  တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရရှိသည်နှင့်အမျှ နှစ်နိုင်ငံ ပြည်သူများ အပြန် အလှန်  ကူးသန်းသွားလာမှု၊ ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု များဖြင့် နှစ်ဖက်စလုံးကို အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် နယ်စပ်ဒေသများ တည်ငြိမ်မှုကင်းမဲ့ပါက သက်ဆိုင်ရာနိုင်ငံတို့မှ   ပြည်သူများ၏    အကျိုးစီးပွားများနှင့်  ဒေသတွင်း   ငြိမ်းချမ်းရေး၊   လုံခြုံရေးတို့ကို  ထိခိုက်စေမည်ဖြစ်ရာ သက်ဆိုင်ရာ     နယ်စပ်ဒေသများ    တည်ငြိမ်အေးချမ်းရေး အတွက်    နှစ်နိုင်ငံစလုံးက     ပူးပေါင်းထိန်းသိမ်းကြရမည် ဖြစ်ပါကြောင်း။    ။