နယူးကာဆယ်ကို သရေကျခဲ့သည့်အတွက် အဆင့်လေးအတွင်းဝင်ရန် ရုန်းကန်ရတော့မည့် မန်ယူ


 

ပရီမီယာလိဂ်ပွဲစဉ် (၁၉) ၏ နောက်ဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၂၈  ရက်  နံနက်ပိုင်းက နယူးကာဆယ် အိမ်ကွင်း၌  အကြိတ်အနယ်  ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါ ပွဲစဉ် ကို ပရိသတ်ငါးသောင်းနှစ်ထောင်ကျော် လာရောက် ကြည့်ရှုခဲ့သည်။ 
နယူးကာဆယ်အသင်းသည် ယခုပွဲစဉ် သရေကျ မှုကြောင့် ပရီမီယာလိဂ် ၁၉ ပွဲကစားပြီး  ရမှတ် ၁၁ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် အတွက် လာမည့်နှစ် ပရီမီယာလိဂ်တွင် တင်ကျန်ရန် လက်ကျန်ပွဲစဉ်များကို ရလဒ်ကောင်းရရှိရေး ကြိုးစား ရတော့မည်ဖြစ်သည်။ နယူးကာဆယ်အသင်းသည် ယခုပွဲစဉ်မတိုင်မီ လက်စတာ၊ လီဗာပူး၊ မန်စီးတီး စသည့် အမှတ်ပေးဇယားအထက်ပိုင်းမှ အသင်းကြီးများနှင့်ဆုံတွေ့ခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ယခု ပွဲစဉ်တွင် မန်ယူအသင်းကို သရေကစားနိုင်ခဲ့သည်။ 
ယခုပွဲစဉ်တွင် မန်ယူအသင်းမှ ကစားသမားများ အမှားအယွင်းများခဲ့ပြီး ပြိုင်ဘက် နယူးကာဆယ် အသင်း၏    ဂိုးရရှိနိုင်သည့်   အခွင့်အရေးများကို ဂိုးသမား ဒီဂီယာလက်စွမ်းပြ ကာကွယ်နိုင်ခဲ့သော ကြောင့် သက်သာရာရခဲ့သည်။ တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန် နိုင်ပွဲရရှိရေးကို ဦးတည်လာသည့် နယူးကာဆယ်အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန် မှုကြောင့် မန်ယူအသင်းအခက်တွေ့ခဲ့ပြီး ပွဲချိန် ခုနစ် မိနစ်တွင်ပင် ခံစစ်အမှားမှတစ်ဆင့် နယူးကာဆယ် အသင်းကို ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရသည်။ အဆိုပါ ဂိုးကို စိန့်မက်ဇီမင်က သွင်းယူပေးနိုင်ခဲ့သည်။ 
ထို့နောက်တွင် မန်ယူအသင်း ချေပဂိုးရရှိရေး ကြိုးစားလာသော်လည်း  အသင်းလိုက်စွမ်းဆောင် ရည် လိုအပ်ချက်ရှိနေသည့်အတွက် မိနစ် ၆၀ ကျော် သည်အထိ လိုအပ်နေသည့် ချေပဂိုးမြင်တွေ့ခဲ့ရခြင်း မရှိချေ။ ပွဲချိန် ၇၁ မိနစ်တွင် မန်ယူအသင်း   ချေပဂိုး ရရှိခဲ့ပြီး လူစားဝင် တိုက်စစ်မှူး ကာဗာနီက သွင်းယူ ပေးနိုင်ခဲ့သည်။ 
 မန်ယူအသင်းသည် ယခုပွဲစဉ်သရေကျမှုကြောင့် အဆင့်(၄)နေရာမှ အာဆင်နယ်အသင်းက  ၁၉  ပွဲ ကစားပြီး  ၃၅  မှတ်  ရရှိထားသည့်အတွက်  ရမှတ် ကွာဟမှု ခုနစ်မှတ်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းသည် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်အတွက်   လက်ကျန်ပွဲစဉ်များကို  ရုန်းကန် ရတော့မည်ဖြစ်သည်။ မန်ယူအသင်းသည် လာမည့် ပွဲစဉ်အဖြစ် ဒီဇင်ဘာ  ၃၁  ရက်တွင် တန်းဆင်းဇုန် အတွင်းမှ  ဘန်လေအသင်းနှင့်  ထပ်မံရင်ဆိုင်သွား ရမည်ဖြစ်သည်။                                                                                                     
အောင်ဇော်